ပိုက်ဆံချမ်းသာမှ ဥရောပနိုင်ငံတွေကို အလည်သွားနိုင်မယ်ဆိုတဲ့ ယုံတမ်းစကားတွေကို အတိတ်မှာချန်ထားခဲ့လိုက်ပါတော့။ သာမန်ဝန်ထမ်းလစာကိုစုပြီးလည်း ဥရောပကိုအလည်သွားနိုင်ပါတယ်။ မယုံဘူးလား။ ဒီ blog post ကို ဆုံးအောင်ဖတ်ပြီး ဟုတ်မဟုတ် အဖြေရှာလိုက်ပါ။

“ခရီးသွားတယ်ဆိုတာ  ကိုယ့်လုပ်အားအတွက် ဆုလာဘ်မဟုတ်ပါဘူး။ ရှင်သန်နေထိုင်မှုအတွက် သင်ကြားလေ့ကျင့်ပေးခြင်းပဲဖြစ်ပါတယ်။”    ပုံ / Travel Channel

parisReference: Pintrest

ခရီးသွားတယ်ဆိုတာက အပန်းဖြေဖို့တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ မ ရောက်ဘူးသေးတဲ့နေရာဒေသက ဓလေ့ထုံးတမ်းတွေကို လေ့လာတာမျိုးတွေ၊ မတူညီတဲ့အယူအဆတွေကို လေ့လာတာမျိုးတွေကလည်း ခရီးသွားတာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေအတွက် ခရီးသွားရင်းနဲ့ စွန့်စားခန်းတွေ၊ လေ့ လာစရာတွေက တစ်ပုံတစ်ပင်ပါပဲ။ စက္ကန့်နဲ့အမျှ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ရေမြေကနေ အပြင်လောကသစ်ကို ခြေလှမ်းထွက်ပြီး လေ့လာဖို့အချိန်တန်ပါပြီ။ ဒါကြောင့် ဒီပို့စ်ကတစ်ဆင့်  စရိတ်သက်သက်သာသာနဲ့ ဥရောပနိုင်ငံတွေကို သွားလည်နိုင်မယ့်နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။
လေယာဉ်လက်မှတ်တွေကိုဈေးအသက်သာဆုံးရအောင် ဘယ်လိုဝယ်ကြမလဲ

ဈေးသက်သက်သာသာနဲ့ လေယာဉ်လက်မှတ်ဝယ်ချင်ရင်တော့ တစ်လခွဲလောက်  ကြိုတင်စီစဉ်နိုင်ရင်ပိုကောင်းပါတယ်။ ရာသီ၊ နေ့ရက်နဲ့ ထွက်ခွာချိန်အတိအကျကအစ လက်မှတ်ဈေးကို အများကြီးသက်ရောက်နိုင်ပါတယ်။ သောကြာနေ့ နေ့ခင်းပိုင်းကစလို့ စနေ၊ တနဂ်နွေ ရုံးပိတ်ရက်တွေကို ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဥရောပကို ခရီးသွားဖို့အေကာင်းဆုံးလကတော့ စက်တင်ဘာလပါပဲ။ ဒီလမှာ ဥရောပနိုင်ငံအများစုက ကျောင်းတွေပြန်ဖွင့်ချိန်ဖြစ်တဲ့အတွက် ခရီးအသွားအလာ နည်းသွားသလို   ဆောင်းဦးရာသီဆိုတော့ မြင်လေသမျှ ၀ါဝါထိန်ထိန်နဲ့ လှချင်တိုင်းလှ နေတော့တာပါပဲ။ ကဲ လေယာဉ်လက်မှတ် အတွက် လျှော့ဈေးတွေကို အခုပဲ ရှာလိုက်ကြစို့။

travel-programReference: eccgreece.gr

၁။  fly4free.com

ဒီ website ကတော့ အသက်သာဆုံး လေယာဉ်လက်မှတ်လျှော့ဈေးတွေရှာတဲ့နေရာမှာ အကောင်းဆုံးလို့ ညွှန်းချင်ပါတယ်။ ယူရို သုံးလေးရာလောက်နဲ့ ဥရောပကို အသွားအပြန်လက်မှတ်ဝယ်လို့ရပါတယ်။ ဒီ website သုံးတဲ့အခါ ရှာတတ်ဖို့တော့လိုတယ်။  Home Page က လက်မှတ်ရှာတဲ့နေရာ  “Find Flights” ကို တန်းမနှိပ်လိုက်ပါနဲ့။ အဲ့မှာ တန်းရှာလို့ရပေမယ့် အတန်ဆုံးဆိုတာတွေတော့တွေ့ မှာမဟုတ်ဘူး။ ဈေးအသက်သာဆုံးနှုန်းကို လိုချင်ရင်တော့  Home Page က “I’M FLYING FROM:” မှာ Asia ကို ရွေးပါ။ လျှော့ဈေးတွေ ဖော်ပြပေးထားတဲ့ ဆောင်းပါးတိုလေးတွေ တက်လာပါလိမ့်မယ်။ အဲ့ထဲကမှ ကိုယ်နဲ့သင့်တော်မယ့် လမ်းကြောင်းကို ရှာရမှာပါ။ ပုံမှန်ဈေးတွေထက် နှစ်စ သုံးဆနီးပါး သက်သာတာမို့ ကိုယ်သွားချင်တဲ့ မြို့၊ နေ့ရက်တွေနဲ့တော့ တစ်ထပ်တည်းကျချင်မှကျမှာပါ။ ဥပမာ ဘန်ကောက်ကနေ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကို အသွားအပြန် ယူရိုသုံးရာလောက်နဲ့ လျှော့ဈေးရှာတွေ့တယ်ဆိုပါစို့။ ပေးထားတဲ့ လင့်ခ်ထဲဝင်ပြီး   လေယာဉ် ပျံသန်းတဲ့နေ့တွေထဲက ကိုယ်နဲ့အဆင်ပြေတဲ့နေ့ရွေးရုံပါပဲ။ စတော့ဟုမ်းက ကိုယ်သွားချင်တဲ့မြို့စာရင်းထဲမပါဘူးလား။ အေးဆေးပါ။ ဥရောပရဲ့ အားသာချက်တစ်ခုက ဘတ်ဂျက်လေကြောင်းလိုင်းတွေရှိတဲ့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံလေယာဉ်လက်မှတ်က ရန်ကုန်-တောင်ကြီး ကားလက်မှတ်ဈေးလောက်နဲ့ ၀ယ်နိုင်ပါတယ်။ သက်သာချောင်ချိလေယာဉ်လက်မှတ်တွေကိုတော့  Ryanair နဲ့ Wizzair လေကြောင်းလိုင်းတွေမှာ ၀ယ်ယူနိုင်ပါတယ်။ ကြိုဝယ်နိုင်လေ ဈေးသက်သာလေပဲနော်။

fly    reference: poznawaj.tumblr

၂။ skyscanner.com

fly4free website က ခွင့်ရက် အလျှော့အတင်းလုပ်ဖို့မလွယ်တဲ့ ၀န်ထမ်းတွေနဲ့တော့ ကိုက်ချင်မှ ကိုက်မှာပါ။ ဒါဆိုရင်တော့  skyscanner ကို သုံးနိုင်ပါတယ်။ နာမည်နဲ့လိုက်အောင် ဒီဆိုက်ဒ်က ကိုယ်သွားချင်တဲ့နေရာ၊   နေ့ရက်ကို တန်းရိုက်ထည့်ရှာလိုက်ရုံနဲ့ သက်သာတဲ့ဈေးနှုန်းတွေကို စိစစ်ဖော်ပြပေးပါတယ်။

၃။ Turkish Airlines

Turkish Airlines ကလည်း မေ့မထားသင့်တဲ့ အသက်သာဆုံး လေကြောင်းလိုင်းပါ။   မြန်မာနိုင်ငံကို  လောလောဆယ် တိုက်ရိုက်မပြေးဆွဲသေးပေမယ့် ဘန်ကောက်၊ ကွာလာလမ်ပူစတဲ့ အနီးအနားလေဆိပ်တွေကနေ ဥရောပကို ယူရိုလေးရာကျော်ကစပြီး လက်မှတ်ဈေးနှုန်းတန်မှတန်တွေ ရှာနိုင်တဲ့လေကြောင်းလိုင်းပါ။ Website home page မှာ Promotion air tickets တွေ ဖော်ပြပေးထားလို့ အသက်သာဆုံး လက်မှတ်တွေကို ယူရိုသုံးရာကျော်လောက်ကစပြီး ဝယ်ယူနိုင်ပါတယ်။

Bonus:  airasia.com

Airasia လေကြောင်းလိုင်းကတော့  အားလုံးသိထားပြီးသားပါ။  Airasia က ၂၀၁၇ က စပြီး အရှေ့ဥရောပနိုင်ငံတွေဖြစ်တဲ့ ချက်ရီပါ့ပလစ်၊ ဟန်ဂေရီနဲ့ ပိုလန်နိုင်ငံတွေကို စတင်ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ Airasia က ဈေးသက်သာလေ့ရှိတာမို့ လေကြောင်းလိုင်းသစ်တွေ စတင်ပြေးဆွဲမယ့်ရက်ကိုသာ နားစွင့် ထားလိုက်ကြပါစို့။  တခြား website တွေဖြစ်တဲ့ China EasternMalaysian Airlines နဲ့ Lastminute.com တွေမှာလည်း ဈေးအသင့်အတင့် သက်သာတဲ့လေယာဉ်လက်မှတ်တွေ ရှာနိုင်ပါတယ်။

တန်မှတန်တဲ့ တည်းခိုစရာရှာကြစို့

လေယာဉ်လက်မှတ်ကို ဈေးအသက်သာဆုံး ၀ယ်နိုင်ပြီဆိုရင်တော့ ခရီးစဉ်ရဲ့ နှစ်ချိုး သုံးချိုးကုန်ကျစရိတ်ကို ကာမိပြီလို့ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ဥရောပမှာ ငွေတစ်ပြားမှမကုန်ဘဲတည်းခိုနိုင်တဲ့ နည်းလမ်းတစ်ချို့ရှိနေလို့ပါ။

၁။ Couchsurfing

ဒီ Couchsurfing website ကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယဉ်ကျေးမှုဓလေ့တွေဖလှယ်နိုင်ဖို့နဲ့ ငွေနည်းနည်းနဲ့ ခရီးသွားနိုင်ဖို့ ရည်ရွယ်ထားတဲ့ ဆိုက်ဒ်ပါ။ အဲ့ website မှာ sign up လုပ်၊ ကိုယ့် profile data တွေဖြည့်ပြီးသွားပြီဆိုရင် သွားချင်တဲ့မြို့နာမည်နဲ့ သွားမယ့်ရက်ကို ရိုက်ထည့်လိုက်ရင် အဲ့မြို့မှာ ခရီးသွားတွေကို လက်ခံ တည်းခွင့်ပေးတဲ့ မြို့ခံ member ၀င်တွေရဲ့ profile တွေပေါ်လာပါတယ်။ အဲ့ထဲကမှ အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ အချက်အလက်တွေဝင်ကြည့်ပြီး တည်းခိုခွင့်လှမ်းတောင်းရုံပါပဲ။ ဒီဆိုက်ဒ်က အခမဲ့ဖြစ်တဲ့အတွက် ဒါကိုမှီပြီး အမြတ်ထုတ်ချင်တဲ့သူတွေတော့ တွေ့နိုင်ပါတယ်။ ဒါကြောင့် တည်းခိုခွင့်လှမ်းမတောင်းခင်မှာ  အဖွဲ့ဝင်တွေရဲ့ profile က  reference section ကို ၀င်ကြည့်ပြီး အဲ့မှာ တည်းခိုဖူးတဲ့ ခရီးသည်တွေရဲ့ အိမ်ရှင်ကောင်းသည်ဆိုးသည်ကို ဝေဖန်ရေးသားထားတာတွေကို ဖတ်နိုင်ပါတယ်။  Couchsurfing website က တည်းခိုစရိတ်ကို သက်သာစေရုံတင်မကဘဲ မြို့ခံတွေအိမ်မှာ နေရတဲ့အတွက် အဲ့ဒေသရဲ့ ယဉ်ကျေးမှုဓလေ့ တွေကိုပါ လေ့လာနိုင်ပါတယ်။ ပြီးတော့ ဘယ်နေရာကို လည်သင့်လဲ၊ ဘာအစားအစာတွေမြည်းစမ်းသင့်လဲ စသဖြင့် အကြံဉာဏ်တွေလည်း ရနိုင်ပါတယ်။

csReference: thelifenomadic.com

၂။ Workaway

Workaway  ကတော့ စွန့်စားစူးစမ်းလိုတဲ့ လူငယ်တွေအတွက် သင့်တော်တဲ့ website ပါ။ ဒီ website က volunteer လုပ်ရင်း တခြားနိုင်ငံတွေမှာ အခမဲ့တည်းခိုစားသောက်နိုင်တဲ့  exchange program  တွေကို ဖော်ပြပေးတဲ့ ဆိုက်ဒ်ပါ။ sign up လုပ်ပြီး ကိုယ်သွားချင်တဲ့မြို့ကို ၀င်ရှာလိုက်ရင် အဲ့မြို့က volunteer program တွေကို တွေ့ရမှာပါ။ လယ်ထဲမှာ နွားကျောင်းတာကအစ၊ ခရီးသွားအဆောင်တွေမှာ ဧည့်ကြိုလုပ်ပေးတာ စသဖြင့် ကိုယ်ကျွမ်းကျင်တာ၊ စိတ်ဝင်စားတာကို ရွေးနိုင်ပါတယ်။ တစ်ခုချင်းစီမှာ  လိုအပ်တဲ့ အချက်အလက်တွေ၊ သူတို့ပေးနိုင်တဲ့ တည်းခိုခွင့်အပြင် တခြားဝန်ဆောင်မှုတွေကို အသေးစိတ်ကြည့်ပြီး ရွေးချယ်နိုင်ပါတယ်။ Workaway ကတော့ နေရာတစ်ခုမှာ အနည်းဆုံး ဆယ်ရက် ဆယ့်ငါးရက်နေပြီးမြို့အကြောင်း၊ မြို့ခံတွေအကြောင်း လေ့လာချင်သူတွေအတွက် ပိုပြီး သင့်တော်ပါတယ်။

workawayReference: dreamofitaly.com

Worldpackers.com မှာလည်း အလားတူ exchange program တွေကို ရှာတွေ့နိုင်ပါတယ်။

၃။ Airbnb

အပျော်ခရီးကို အဓိကထား သွားချင်သူတွေအတွက်ကတော့ Airbnb  ကို အသုံးပြုနိုင်ပါတယ်။ ဒီဆိုက်ဒ်က မြို့ခံအိမ်မှာ သီးသန့်အခန်းကို စရိတ်သက်သက်သာသာနဲ့ တည်းခိုနိုင်မယ့် ဆိုက်ဒ်ပါ။ မီးဖိုချောင်အသုံးပြုခွင့် အများအားဖြင့်ပါတဲ့အတွက် ကိုယ့်ဘာသာ ချက်ပြုတ်စားနိုင်တော့ စားစရိတ်လည်း သက်သာတာပေါ့။ ခရီးသွားအဆောင်တွေထက်တောင် ဈေးသက်သာတာမျိုး airbnb မှာ ရှာတွေ့နိုင်ပါတယ်။ မြို့ခံအိမ်ဖြစ်တဲ့အတွက် Couchsurfing လိုပဲ လည်စရာပတ်စရာ အကြံဉာဏ်တွေလည်း တောင်းနိုင်တာပေါ့။

airbnbReference: airbnb

တခြား လူငယ်ခရီးသွားဖော်အချင်းချင်းတွေ့ဆုံမိတ်ဖွဲ့ပြီး ပျော်ချင်တယ်ဆိုရင်တော့ ခရီးသွားအဆောင်တွေကအကောင်းဆုံး ရွေးချယ်မှုပါပဲ။ Hostelworld.com ကိုသုံးပြီး တည်းခိုစရိတ်အနည်းဆုံး ၇ ယူရိုလောက်ကစပြီး ဝန်ဆောင်မှုပေးတဲ့ ခရီးသွားအဆောင်တွေကို ရှာနိုင်ပါတယ်။

ဥရောပတစ်ခွင် ဟိုဟိုဒီဒီ

အပေါ်မှာ ပြောထားသလိုပဲ ဥရောပနိုင်ငံချင်းသွားလာချင်ရင် ဘတ်ဂျက် airlines တွေရှိပါတယ်။ ခရီးဆောင်အိတ် သယ်ယူခွင့်ကတော့ ပုံမှန် luxury airlines တွေလောက်တော့ မရနိုင်တဲ့အတွက် ခရီးမသွားခင်မှာ ကိုယ့်ခရီးဆောင်အိတ်နဲ့ကိုက်မကိုက် စစ်ဆေးပါလို့ အကြံပေးချင်ပါတယ်။ လေယာဉ်လက်မှတ်ကို တစ်လကျော်လောက် ကြို မ၀ယ်ဖြစ်သူတွေကတော့ အဝေးပြေးကားလိုင်းတွေက ပိုအဆင်ပြေပါတယ်။ အမြန်ရထားကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံကူးရင် ပုံမှန်အားဖြင့် ဈေးကြီးတတ်ပါတယ်။ လေကြောင်းလိုင်း၊ ရထားလိုင်းနဲ့ အဝေးပြေးဘတ်စ်လိုင်းတွေအားလုံးရဲ့ ဈေးနှုန်းကို ချိန်ဆချင်ရင်တော့ goeurope.com နဲ့ rome2rio website တွေမှာ ၀င်ကြည့်နိုင်ပါတယ်။ ဒီပို့စ်မှာတော့ အားလုံးအတွက် အဆင်ပြေမယ့်ကားလိုင်းတွေကို   ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၁။ Flixbus သို့မဟုတ် Eurolines

အဝေးပြေးကားတွေ စီးတဲ့အခါ မြန်မာနိုင်ငံမှာ တစ်မြို့နဲ့တစ်မြို့ ကြာချိန်လောက်နဲ့ ဥရောပမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးနိုင်တာမို့ ကိုယ်တွေလို မြန်မာတွေအတွက်ကတော့ ကြာချိန်က မပြောပလောက်ဘူးလို့ဆိုရမှာပါ။ အသက်သာဆုံး အဝေးပြေးယာဉ်လိုင်းဆိုရင်တော့ လိုင်းအစုံဆုံး Flixbus နဲ့ Eurolines ကို ရွေးဖို့ အကြံပေးချင်ပါတယ်။ ကားလက်မှတ်တွေကို အနည်းဆုံး ၉ ယူရိုကစပြီး ဝယ်ယူနိုင်ပါတယ်။ ထွက်ခွာမယ့်ရက်နီးခါနီးမှ ကပ်ဝယ်ရင်တော့ ခရီးအသွားအလာ အနည်းအများပေါ်မူတည်ပြီး ဈေးကြီးတတ်တာကိုတော့ သိထားဖို့လိုပါတယ်။

ဒါ့အပြင် အရှေ့ဥရောပဘက်ခြမ်းမှာဆို Polskibus.com လိုမျိုး   ဒေသခံအဝေးပြေး ကားလိုင်းတွေမှာဆိုရင် မြန်မာငွေ ၂၀၀၀၊ ၃၀၀၀ လောက်နဲ့ ကားလက်မှတ်ဝယ်နိုင်ပါတယ်။

၂။ ကားကြုံတားစီးခြင်း သို့မဟုတ် hitchhiking

နည်းနည်းလောက်စွန့်စားချင်သူတွေအတွက်ကတော့ ဥရောပမြို့တွေမှာ ကားကြုံတားစီးနိုင်ပါတယ်။ ဇွဲတော့ရှိရတာပေါ့လေ။ ကားတိုင်းတော့ ဘယ်ရပ်ပေးပါ့မလဲ။ ကံကောင်းရင် ခဏလေးနဲ့ ကားကြုံရတတ်ပေမယ့် တစ်ခါတစ်လေ အကြာကြီးစောင့်ရတတ်တာမျိုးတွေလည်းရှိပါတယ်။ ဒီနည်းနဲ့ဆိုရင်တော့ ပိုက်ဆံမကုန်ဘူးပေါ့။ ကားကြုံစီးရင်း လမ်းမှာ စကားစမြည်ပြောရင်းနဲ့ မိတ်ဖွဲ့နိုင်ပါတယ်။ hitchhiking ကို အခုမှ စလုပ်မယ်ဆိုရင်တော့ hitchwiki.org မှာ လိုအပ်တဲ့ အချက်အလက်တွေကို ဝင်လေ့လာနိုင်ပါတယ်။ အဲ့မှာ ဘယ်နိုင်ငံမှာဆိုရင်တော့  hitchhiking လုပ်ရတာလွယ်လဲ၊ ဆောင်ရန် ရှောင်ရန်စသဖြင့် သိနိုင်ပါတယ်။

hitchhikingReference: indonesia-tourism.com

၃။ blablacar

ဒီနည်းလမ်းကတော့ အပေါ်က နည်းလမ်းနှစ်ခုအဆင်မပြေတဲ့အခါ  Plan B အနေနဲ့ သုံးဖို့ သိထားသင့်ပါတယ်။ တစ်မြို့က တစ်မြို့ကို ကားနဲ့ခရီးထွက်တဲ့ မြို့ခံတွေက ဒီဆိုက်ဒ်ကို သုံးပြီး အပိုဝင်ငွေရအောင် လူကြုံတင်တာမျိုးပါ။ ဈေးနှုန်းအမျိုးမျိုးရှိလို့ ဈေးကြီးမမိအောင်တော့  သေချာစိစစ်ဖို့လိုပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အသုံးပြုပုံစနစ် နည်းနည်းကွာဟပြီး တော်ရုံတန်ရုံ စိတ်ချရပေမယ့် ညဘက်ပိုင်းတွေ သုံးဖို့ကြုံလာတဲ့အခါတော့ ရေခြားမြေခြားမို့ လုံခြုံရေးကို သတိထားနိုင်ရင် အကောင်းဆုံးပါပဲ။

blablacarReference: blablacar

ထွေလီကာလီ ကုန်ကျစရိတ်

နေထိုင်သွားလာစရိတ်ပြီးရင်တော့ အတော်လေး အသက်ရှူချောင်ပါပြီ။ အစားအေသာက်အနေနဲ့  ဒေသစာတွေမြည်းစမ်းချင်ပြီး ငွေသိပ်မသုံးချင်သူတွေအတွက်ကတော့ လမ်းဘေးစာ  “Street Food” တွေကို ရွေးသင့်ပါတယ်။ ဒါမှမဟုတ် အာရှသားတွေပီပီ ထမင်းလွမ်းစိတ်က ဥရောပရောက်ပြီး တစ်ရက်နှစ်ရက်ဆို ပေါ်တတ်တယ်ဆိုရင်လည်း ဥရောပမှာ အာရှစာတွေ ဈေးကြီးမယ်ထင်ပြီးစိတ်မပူပါနဲ့။  ဆူရှီကလွဲလို့ အာရှစာတော်တော်များများက ဈေးနှုန်းအသင့်အတင့်ရှိပါတယ်။  ဈေးအတန်ဆုံးဆိုရင်တော့ တရုတ်စားသောက်ဆိုင်ကို ညွှန်းချင်ပါတယ်။ ပဲရစ်၊ လန်ဒန်၊ မီလန်စတဲ့ မြို့ကြီးတွေမှာဆို တရုတ်တန်းရှိလို့ အာရှစာတွေကို ဈေးသက်သက်သာသာနဲ့ အလွယ်တကူရှာတွေ့နိုင်ပါတယ်။

အားလုံးခြုံငုံပြောရရင်တော့ နေရာတစ်ခုကို မသွားခင် အဲ့နေရာအကြောင်းကို အွန်လိုင်းမှာလေ့လာဖို့ပါ။ မြို့တွေရဲ့ မြေပုံကို အွန်လိုင်းမှာဒေါင်းထားတာမျိုး၊ မြေအောက်ရထားစီးခကို ဘယ်လိုဝယ်ရင် ဈေးသက်သာမယ်ဆိုတာမျိုးတွေကို ကြိုဖတ်ထားသင့်ပါတယ်။ ဥပမာ ဂျာမနီ၊ ဆွီဒင်စတဲ့ နိုင်ငံတွေမှာဆို အဖွဲ့လိုက် လက်မှတ်တွေရှိတဲ့အတွက် အဖော်အပေါင်းနဲ့စုပြီး ခရီးထွက်သူတွေအတွက် ဈေးအတော်သက်သာပါတယ်။ များများလေ့လာနိုင်လေ၊ ငွေကုန်သက်သာနိုင်လေပါပဲ။  TripAdvisor ၊  Lonely Planet websites တွေနဲ့ ခရီးသွားဝါသနာအိုးတွေရဲ့ blog တွေမှာလည်း ကိုယ်သွားမယ့်နေရာအကြောင်း review တွေဖတ်ပြီး အသေးစိတ်လေ့လာနိုင်ပါတယ်။

ဥရောပခရီးစဉ်အတွက် ငွေကုန်ကျစရိတ်သက်သာနိုင်မယ့်နည်းလမ်းတွေသိပြီဆိုတော့ ဥရောပအိပ်မက်ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Words by Khine (insightgiveaways) ©

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s