ဟင်းချက်တာဝန်ယူထားရသူ ယောက်ျား၊ မိန်းမမရွေး ကိုယ့်အိမ်သားတွေအတွက် အကောင်းဆုံး၊ အရသာအရှိဆုံးကိုမှ ချက်ပြုတ်ပေးချင်ကြတာချည်းပါပဲ။ အဲ့ဒါကြောင့်ပဲ တစ်ခါတစ်ခါ ဘာဟင်းချက်ရမှန်း  မစဉ်းစားတတ်တော့တာမျိုးတွေလည်းအားလုံးကြုံနေ ကြရပါတယ်။ အသစ်အဆန်းလေးတွေချက်ပြုတ်ပြီး မျက်နှာရချင်သူတွေအတွက် အွန်လိုင်းမှာ ချက်ပြုတ်နည်းအသစ်တွေရှာတဲ့အခါ  YouTube မှာရှာတာ အကောင်းဆုံးပါပဲ။ ဗီဒီယိုကြည့်ပြီး လက်တွေ့စမ်းသပ်တဲ့အတွက် ပိုလွယ်ကူပါတယ်။  YouTube cooking channels တွေ ထောင်ပေါင်းများစွာထဲကမှ မြန်မာပါးစပ်နဲ့ကိုက်မယ့် မြန်မာပြည်မှာ နာမည်ကြီးတဲ့ အာရှဟင်းလျာတွေထဲက ထိပ်တန်း YouTube Cooking Channels ၅ခုကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

၅။ တရုတ်ဟင်းလျာ/ TaiwanCooking

တရုတ်ဟင်းဟာ မြန်မာတို့ရဲ့ နေ့စဉ်ထမင်းပွဲမှာ အနည်းနဲ့အများ ပါဝင်နေကြပါ။ ဒါပေမယ့် စားသောက်ဆိုင်မှာ တရုတ်စာ မှာစားကြည့်ရင် ကိုယ်တွေပုံမှန်ချက်နေကြ၊ ကုန်းဘောင်ကြီးကြော်၊ အစိမ်းကြော်စတဲ့ ဟင်းလျာတွေက အရသာလိုအပ်နေသေးတယ်ဆိုတာ သတိထားမိကြမှာပါ။ တရုတ်ဟင်းလျာရဲ့ အဓိက   သော့ချက်ကတော့ ဆော့စ်မျိုးစုံကို ဟင်းပွဲအလိုက် ပါဝင်ပစ္စည်းအလိုက် တွဲဖက်အသုံးပြုတာပါပဲ။ ဟင်းသီးဟင်းရွက်ထည့် တဲ့ အချိန်ကို ချိန်ဆနိုင်မှုကလည်း ဟင်းအရသာကို အများကြီး ပြောင်းလဲစေပါတယ်။ အရသာ ထူးခြားကောင်းမွန်တဲ့ အိမ်ချက်စတိုင် တရုတ်ဟင်းတွေ ချက်ပြုတ်ချင်တယ်ဆိုရင်တော့ TaiwanCooking ကို ညွှန်းချင်ပါတယ်။ Taiwan Cooking ဟင်းချက်နည်းဗီဒီယိုတွေမှာ တရုတ်ပြည်မဟင်းလျာတွေအပြင် တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး ဟင်းလျာတွေထဲကတစ်ခုဖြစ်တဲ့ ထိုင်ဝမ်ဒေသစာတွေကိုပါ လေ့လာချက်ပြုတ်နိုင်ပါတယ်။ ထိုင်ဝမ်သူအိမ်ရှင်မရဲ့ ဝါသနာ အရတင်ဆက်ထားတဲ့ ဟင်းချက်နည်းဗီဒီယိုတွေဖြစ်လို့ ရိုက်ကူးတင်ဆက်ပုံအရည်အသွေးမကောင်းလှပေမယ့် ရိုးရှင်းလွယ်ကူတဲ့ ချက်ပြုတ်နည်းစနစ်ကို အသုံးပြုထားလို့ ခုမှ ဟင်းချက်နည်းကို အစက စလေ့လာနေသူတွေအတွက်ပါ အဆင်ပြေပါ တယ်။ လုပ်ရလွယ်ကူပြီး စားလို့ကောင်းတဲ့  TaiwanCooking လက်ဖက်ကြက်ဥလုပ်နည်းဗီဒီယိုကို ဖော်ပြပေး လိုက်ပါတယ်။

 

၎။ ဂျပန်ဟင်းလျာ/ Cooking with Dog

ဂျပန်အစားအစာဆိုရင်တော့ ဆူရှီနဲ့ ရာမန်ကို အရင်ဆုံးပြေးမြင်မိကြပါတယ်။ ဆူရှီလုပ်နည်းက လွယ်သယောင်ထင်ရပေ မယ့်  ဟင်းချက်နည်းဗီဒီယိုတွေ လေ့လာကြည့်ရင် ဂျပန်ဟင်းလျာချက်ပြုတ်နည်းက အသေးစိတ်ကျ၊ သေသပ်ဖို့လို တာတွေ့ရမှာပါ။ ဂျပန်ဟင်းချက်ကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့  Cooking with Dog ကို subscribe လုပ်ထားလိုက်ပါ။ အနောက်တိုင်းမှာ အာရှသားတွေ ခွေးသားစားတယ်ဆိုတဲ့ ယုံတမ်းစကားကို ဟာသလုပ်တဲ့အနေနဲ့   ခွေးနဲ့အတူချက်ပြုတ်ခြင်းလို့ နာမည်ပေးထားတဲ့ Cooking with Dog ဟင်းချက်နည်းဗီဒီယိုတွေမှာ ဂျပန်စားဖို မှူးက  ဟင်းချက်ပြီး ခွေးလေးက ဟင်းချက်နည်းကို နောက်ခံအသံနဲ့ပြောပေးနေတဲ့စတိုင်မျိုးရိုက်ကူးတင်ဆက်ထားပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး ဂျပန်ဟင်းချက်နည်းတွေ အပတ်စဉ်ဝေမျှပေးနေတဲ့ ရွှင်မြူးဖွယ် ဒီဗီဒီယိုတွေမှာ အနောက်တိုင်း ဟင်းချက်နည်းစနစ်အချို့ကိုယူပြီး ဂျပန်ဟင်းလျာတွေကို တီထွင်ဆန်းသစ်ထားတာကိုလည်းတွေ့ရပါတယ်။ Cooking with Dog ရဲ့ ပင်လယ်ငါးသလောက်ဆူရှီပြုလုပ်နည်းကို တွဲပြီး ဖော်ပြပေးထားပါတယ်။

၃။ အိန္ဒိယဟင်းလျာ/Vahchef

အိန္ဒိယဟင်းလျာဟာ မြန်မာဟင်းလျာနဲ့ အနီးစပ်ဆုံးလို့ဆိုနိုင်ပေမယ့် ဟင်းခတ်အမွှေးအကြိုင်သုံးတဲ့နေရာနဲ့ ချက်ပြုတ်ပုံနည်းစနစ်ကွာဟမှုက ဒီဟင်းလျာနှစ်မျိုးကို လုံးဝကွဲပြားစေပါတယ်။ ဒါကြောင့် မြန်မာဟင်းချက်ကျွမ်းကျင်တိုင်း အိန္ဒိယဟင်းကို မှန်းဆချက်လို့ကတော့ အိန္ဒိယမဆလာနံ့သင်းသင်းနဲ့ဟင်းကို ချက်နိုင်မှာမဟုတ်ပါဘူး။ အိန္ဒိယ ဟင်းလျာကောင်းကောင်းချက်တတ်ချင်ရင်တော့ အိန္ဒိယနာမည်ကျော် စားဖိုမှူး ဆန်ဂျေ (Sanjay) ရဲ့  Vahchef ဟင်းချက်နည်းဗီဒီယိုတွေကို ကြည့်သင့်ပါတယ်။ ၂၀၀၇ခုနှစ်ကစလို့ ဟင်းချက်နည်းဗီဒီယိုတွေကို တင်ဆက်ပေးနေတဲ့ ဆယ်စုနှစ်နီးပါးအတွေ့အကြုံနဲ့ Vahchef ဟင်းချက်နည်းတွေရဲ့ ဝိသေသကတော့ အိမ်ချက်စတိုင်နဲ့ စားသောက်ဆိုင်စတိုင်နှစ်မျိုးလုံးကို သိနိုင်သလို အခြေခံဟင်းခတ်အမွှေးအကြိုင်တွေကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုတဲ့ အကြံဉာဏ်ကောင်းတွေပါရနိုင်ပါတယ်။ အလှူအတန်းတွေမှာ ကျွေးမွေးဧည့်ခံလေ့ရှိတဲ့ ဒံပေါက်ကို အိမ်မှာ ကိုယ်တိုင်ဖောက်စားချင်သူတွေအတွက် Vanchef ရဲ့ စားသောက်ဆိုင်စတိုင် ကြက်သားဒံပေါက်ဖောက်နည်းဗီဒီယိုကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

၂။ ထိုင်းဟင်းလျာ/ Pailin’s Kitchen

hot-thai

မြန်မာပြည်မှာ ရေပန်းအစားဆုံးဟင်းလျာတွေထဲကတစ်ခုဖြစ်တဲ့ ထိုင်းဟင်းလျာကို အိမ်မှာ ချက်ပြုတ်စားချင်သူတွေအတွက် ထိုင်းသူလေး ပိုင်လင်ရဲ့ YouTube channel က နံပါတ်တစ် လေ့လာသင့်တဲ့ channel ပါ။ ထိုင်းဟင်းလျာချက်ပြုတ်နည်း YouTube channels တွေထဲကမှ ပိုင်လင်ရဲ့ထူးခြားချက်ကတော့ အိမ်ချက်စတိုင်ဖြစ်ပြီးတော့ ဟင်းချက်ပြုတ်နည်းတစ်ခု တည်းကို အဓိကထားတာမဟုတ်ဘဲ ပါဝင်တဲ့အမယ်တွေကို ဘယ်လိုရွေးချယ်ရမလဲက အစ အသေးစိတ်တင်ဆက်ထားတဲ့ ဟင်းချက်ဗီဒီယိုတွေပဲဖြစ်ပါတယ်။ လက်ရှိကနေဒါမှာ နေထိုင်နေတဲ့ ပိုင်လင်ဟာ သူမကိုယ်တိုင် အာဟာရသိပ္ပံပညာနဲ့   ကျောင်းပြီးထားတဲ့ စားဖိုမှူးဖြစ်လို့ ဟင်းချက်နည်းအဆင့်ဆင့်မှာ ကိုယ်တိုင်စမ်းသပ်ထားတဲ့ အာဟာရထိန်းသိမ်း နည်းလေးတွေပါ လေ့လာနိုင်ပါတယ်။ ဒါကြောင့် အရသာရှိပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့ ထိုင်းဟင်းလျာတွေကို ချက်ပြုတ်ချင်သူတွေအတွက်  ပိုင်လင်ရဲ့ ဟင်းချက်နည်း ဗီဒီယိုတွေက အသင့်တော်ဆုံးပါပဲ။

၁။ ကိုရီးယားဟင်းလျာ/ Maanngchi

screen-shot-2016-12-19-at-16-34-07

ကိုရီးယားအိမ်ရှင်မ မန်ချီရဲ့ Youtube channel ကတော့ မကြာခင်မှာ ဆယ်စုနှစ်မှတ်တိုင် စိုက်ထူတော့မယ့် ကိုရီးယားဟင်းလျာအစုံလင်ဆုံး channel ပဲဖြစ်ပါတယ်။ သူမကိုယ်တိုင် အိမ်ရှင်မတစ်ဦးဖြစ်တဲ့ မန်ချီဟာ ဟင်းအချက်အပြုတ် ပညာကို ကျောင်းတက်လေ့လာထားတာမျိုးမရှိပေမယ့် နှစ်ဘက်မိဘအဘိုးအဘွားတွေဆီကတစ်ဆင့် သင်ယူတတ်မြောက် ပြီး  homemade style  ရိုးရာကိုရီးယားချက်ပြုတ်နည်းတွေကို ဝေမျှပေးနေတာဖြစ်ပါတယ်။ အသက် ၅၆နှစ်ရှိ ပြီဖြစ်တဲ့ မန်ချီရဲ့ သွက်လက်နေတဲ့ ဟန်ပန်နဲ့ ကိုရီးယားသံဝဲဝဲနဲ့ ပြောတဲ့ အဂ်လိပ်သံတွေက သူမရဲ့ cooking video ကို ပိုအသက်ဝင်စေပါတယ်။ နယူးယောက်မှာ အခြေချနေထိုင်နေပြီး ချက်ပြုတ်နည်းစနစ်အသစ်တွေကို လေ့လာပြီး သူမရဲ့   မွေးမြေကိုရီးယားအစားအသောက်ကို ပိုမိုရသမြောက်မြောက်ဖန်တီးတင်ဆက်နေတဲ့ မန်ချီရဲ့ cooking channel ကတော့ subscriber  ပေါင်း ၁၄သိန်းကျော်ရှိတဲ့ နံပါတ် ၁ ကိုရီးယားအစားအစာချက်ပြုတ်နည်း YouTube channel ပဲဖြစ်ပါတယ်။ ဒီပို့စ်မှာတော့ မန်ချီရဲ့ ရိုးရာ ကိုရီးယားကင်မ်ချီပြုလုပ်နည်းဗီဒီယိုကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။

Words by Khine (Insightgiveaways)

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s