ဘဝဆိုတာ ခရီးသွားခြင်းပါပဲ။ လမ်းတစ်လျှောက်မှာ လူတွေနဲ့တွေ့ဆုံမိတ်ဖွဲ့၊ မသိတာတွေသင်ယူ၊ အချိန်တန်တော့ ခွဲခွာပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြရပါတယ်။ အဲလိုပါပဲ။ ဘဝကပေးတဲ့ သင်ခန်းစာတွေကို ခရီးသွားရင်းကတစ်ဆင့် အများဆုံးသင်ယူနိုင်ပါတယ်။  ဒါကြောင့် သင်ခန်းစာယူနိုင်တဲ့ အကောင်းဆုံးခရီးသွား ရုပ်ရှင်တွေနဲ့ အဲ့ကရတဲ့ ဘဝသင်ခန်းစာတွေအကြောင်းကို လေ့လာကြည့်ကြပါစို့။

Into the wild

ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ ဒီကားမှာတော့ Christopher McCandless လို့ခေါ်တဲ့ တက္ကသိုလ်ကျောင်း ပြီးခါစ သူဌေးသားလေးတစ်ဦးဟာ သူ့ရဲ့ချမ်းသာတဲ့ဘဝနဲ့ သူ့မိဘတွေမျှော်မှန်းထားတာတွေအားလုံးကို စွန့်လွှတ်ပြီး ရုပ်ဝတ္ထုတွယ်တာမှုတွေနဲ့ ဝေးရာကိုခရီးထွက်ပြီး လူသူကင်းတဲ့ အလက်စကာကို သွားရောက်ခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။  ဒီဇာတ်လမ်းကတော့ ခရီးသွားဇာတ်လမ်းတွေထဲက နံပါတ် ၁ ကြည့်သင့်တဲ့ဇာတ်ကား ပါပဲ။

“Happiness is only real when shared”

၁။ မတူညီတဲ့အနေအထားအမျိုးမျိုးက လူတွေနဲ့ တွေ့ဆုံမိတ်ဖွဲ့ပြီး မတူညီတဲ့ဘဝတွေ၊ အမြင်တွေကို လေ့လာပါ။

မတူညီတဲ့ ယုံကြည်မှု၊ အတွေးအမြင်ရှိတဲ့လူတွေကတစ်ဆင့် ကိုယ်မသိထားတဲ့ ရှုထောင့်တွေကို လေ့လာတာက အကျိုးကျေးဇူးအများကြီးရှိပါတယ်။ လူတိုင်းမှာ ဘဝအတွေ့အကြုံအမျိုးမျိုးရှိကြပါတယ်။ အဲဒါတွေကို သိမြင် ရတဲ့အတွက်  အမြင်ပိုကျယ်လာမယ်။ အလားတူအခြေအနေမျိုးကြုံလာတဲ့အခါ ဖြေရှင်းနိုင်တဲ့ အကြံဉာဏ်တွေ လည်း ရနိုင်ပါတယ်။ ဒါတင်မကပါဘူး။ ကိုယ်သိထားတဲ့ အမှန်တရားဆိုတာ တခြားလူအတွက် မှန်ချင်မှမှန်မယ်ဆိုတာကိုလည်း သိမြင်လာပါတယ်။ အဲ့လိုသိလာတဲ့အခါ စိတ်သဘောထားပိုကြီးလာမယ်။ စာနာနားလည်နိုင်မှုနှုန်းမြင့်လာမယ်။ ဒီဇာတ်ကား ထဲက Christopher လို ကိုယ့်စိတ်ကို ဖွင့်ပြီး လူတွေကို ဆက်ဆံဖို့ပါ။ အဲဒီအခါ သူစိမ်းတစ်ရံနဲ့တောင် မှ   ဆွေမျိုး ထက်ရင်း တဲ့ရင်းနှီးမှုမျိုး တည်ဆောက်နိုင်တယ်ဆိုတာ သိလာမှာပါ။

၂။ ကိုယ့်ဘဝတစ်ခုလုံးကို တခြားလူတွေရဲ့ မျှော်မှန်းချက်တွေအာက်မှာ မနစ်မြုပ်ပါစေနဲ့။

ကိုယ်တွေဖြတ်သန်းခဲ့ရတဲ့ဘဝမှာ မိဘတွေက သားသမီးတွေကို ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီးတွေဖြစ်စေချင် ကြတယ်။ မိဘတွေရဲ့ တိုက်တွန်းမှုနဲ့ ဝါသနာမပါဘဲ ဆေးကျောင်းတတ်ပြီးမှ နောက်ဆုံး လိုင်းပြောင်းကြတဲ့ သူတွေ တစ်ပုံတစ်ခေါင်းပါပဲ။ တစ်ချို့ဆို မပျော်ဘဲ ဆက်လုပ်နေကြရာက ဘဝက မနေပျော်ဘူးလို့တောင် တွေးထင်တတ် ကြပါတယ်။ ဒါတင်မကပါဘူး။ ဒီလိုဝတ်ရင်ဖြင့် ပတ်ဝန်းကျင်က ဘာပြောမယ်၊ ဒီလိုနေမှ ပတ်ဝန်းကျင်က အထင်ကြီး မယ်ဆိုပြီး သူများတွေဆုံးဖြတ်တဲ့ဘဝထဲမှာ ဖိအားများပြီး အနေကျဉ်းကျပ်မနေပါနဲ့။ ကိုယ်ဖြစ်ချင်တာ လုပ်ချင်တာတွေက တစ်ပါးသူကို မထိခိုက်သရွေ့ လုပ်သင့်လုပ်ထိုက်တာတွေချည်းပါပဲ။ ဘဝဆိုတာ တိုတိုလေးပါ။ အဲတော့ ကိုယ်ဖြစ်ချင်တာလေးတွေ   အကောင်အထည်ဖော်ရင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရအောင်။

၃။ ရုပ်ပစ္စည်းပိုင်ဆိုင်မှုက ပျော်ရွှင်မှုကို မဖန်တီးနိုင်ပါဘူး။

“We buy things we don’t need with money we don’t have to impress people we don’t like.” ဆိုတဲ့ စကားလိုပါပဲ။ လူတွေဟာ ကိုယ်တွေမနှစ်သက်တဲ့ တခြားလူတွေအထင်ကြီးအောင်လို့ မလိုအပ်တဲ့အရာတွေကို ကိုယ့်မှာမရှိတဲ့ ငွေနဲ့ ဝယ်နေကြတယ်တဲ့။ သေချာပြန်သုံးသပ်ကြည့်ရင် နာမည်ကြီး brand တွေမှ လိုချင်၊ အသစ်ထွက်တိုင်းဝယ်ချင်တာက ကိုယ့်ရဲ့စိတ်ဆန္ဒထက် အများအထင်ကြီး ငေးမောတာကို ပိုလိုချင်ကြလို့ဆိုတာ သိလာပါ တယ်။ ဒါပေမယ့် ဘဝရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေဟာ အဲဒီ ဈေးကြီးပစ္စည်းတွေက တစ်ဆင့်ရတာမဟုတ်ဘူး  ဆိုတာကိုဒီဇာတ်ကားလေးက တစ်ဆင့်   သံဝေဂရနိုင်ပါတယ်။

The Way

ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံကနေ စပိန်နိုင်ငံမြောက်ပိုင်းတစ်လျှောက်အထိ ရှည်လျားတဲ့ Camino de Santiago ခရစ်ယာန်ဘုရားဖူးခြေလျင်ခရီးစဉ်ကို စတင်ခဲ့ရာက  ရာသီဥတုဖောက်ပြန်မှုကြောင့် လမ်းခုလတ်မှာ သေဆုံးခဲ့တဲ့ တစ်ဦး တည်းသောသားဖြစ်သူရဲ့ခရီးကို အဆုံးသတ်ပေးချင်တဲ့ ဆန္ဒနဲ့ ခရီးထွက်ခဲ့တဲ့ ဖခင်တစ်ဦးရဲ့ ခရီးစဉ်အကြောင်းကို ရိုက်ကူး ထားတာပါ။ ဒီဇာတ်လမ်းကတော့ အကောင်းတကာ့ အကောင်းဆုံးခရီးသွားကားတွေထဲက တစ်ခုအပါအဝင်မို့ ဘဝ သင်ခန်းစာတွေလည်း အများကြီးရနိုင်ပါတယ်။

၁။ ဘယ်နိုင်ငံသား၊ ဘယ်အဆင့်အတန်းဆိုတာက ကိုယ်ဘယ်လိုလူလဲဆိုတာကို မရည်ညွှန်းနိုင်ပါဘူး။

လူတွေဟာ ကိုယ့်အဖွဲ့သူ့အဖွဲ့ဆိုပြီး အဖွဲ့ခွဲတတ်တဲ့ စိတ်အခံရှိတတ်ကြပါတယ်။ အဲ့နိုင်ငံကလူဆိုရင် ဘယ်လိုရှိတယ်ဆိုပြီး နိုင်ငံတစ်နိုင်ငံက လူတစ်ယောက်ကို မြင်ရင် အကြောင်းမသိသေးဘဲ သူကတော့ ဒီလိုလူစားမျိုးပဲနေမှာဆိုပြီး ယူဆတတ်ကြပါတယ်။ ဒီဇာတ်ကားထဲမှာတော့  မတူညီတဲ့နိုင်ငံက ခရီးသွားတွေအချင်းချင်းတွေ့ဆုံရာမှာ အချင်းချင်း မသိစိတ်က စည်းတားထားရာက နောက်ပိုင်းမှာတော့ ခင်မင်တဲ့မိတ်ဆွေတွေအဖြစ် ပြောင်းလဲသွားတာကို ပုံဖော်ပြထားပါတယ်။ ဘယ်နေရာ၊ ဘယ်ဒေသကလူပဲဖြစ်ဖြစ် ဘယ်နှစ်ရက်ပဲ ဆုံတွေ့ရသေးသေး အရေးကြုံရင် ကူညီ၊ စာနာသူတွေဟာ ကိုယ့်အတွက် မိတ်ဆွေကောင်းတွေပါပဲ။

၂။ အသက်အရွယ်မရွေး၊ အဆင့်မတန်းမရွေး ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါတယ်။

ဒီကားထဲမှာ အသက်၆၀ ကျော် ဖခင်က သားဖြစ်သူရဲ့ခရီးစဉ်ကို အဆုံးသတ်ပေးချင်တဲ့ဆန္ဒပြင်းပြမှုနဲ့ စိတ်ရောလူရော ပင်ပန်းတဲ့ ခရီးကြမ်းကို တစ်ယောက်ထဲထွက်ခဲ့ပြီး ခရီးစဉ်ကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဘဝ အိပ်မက်တွေကိုဆွတ်ခူးနိုင်ဖို့အတွက် ဇွဲရှိရှိနဲ့ ပန်းတိုင်ကို လျှောက်လှမ်းဖို့ပဲလိုပါတယ်။ ကိုယ်လိုချင်တာရရှိလာတဲ့ တစ်နေ့မှာ အဲ့ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူး။

၃။ လူတွေဟာ မျော်လင့်ချက် ကိုယ်စီနဲ့ ရှင်သန်နေကြပါတယ်။

Camino de Santiago ဘုရားဖူးလာကြသူတွေဟာ ကျန်းမာရေးအတွက်၊ ဘာသာရေးအတွက်၊ မိသားစုအတွက် အမျိုးမျိုးသော မျှော်လင့်ချက်၊ ရည်မှန်းချက်တွေနဲ့ လာရောက်ကြတာကို တွေ့ရတဲ့အခါ လူတိုင်းမှာ မျှော်လင့်ချက်ကိုယ်စီရှိကြပြီး အဲ့မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်နေရင်း ဘဝရဲ့အနှစ်သာရဟာ လူတိုင်းအတွက် အဓိပ္ပာယ်အမျိုးမျိုးရှိနေတာကို သိမြင်ရပါတယ်။

Wild

စာရေးဆရာမ Cheryl Strayed ရဲ့ အထ္ထုပ္ပတ္တိကို ရိုက်ကူးပုံဖော်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း Wild မှာ တွယ်တာရတဲ့ မိခင်ဆုံးပါးပြီးတဲ့နောက် ဘဝ ရေစုန်မျောနေခဲ့တဲ့Cheryl တစ်ယောက် ဘဝသစ်ကို ဦးတည်ဖို့ရည်ရွယ်ချက်နဲ့ တစ်ကိုယ်တော်ခရီးထွက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီကရတဲ့ အဓိကသင်ခန်းစာတွေအနေနဲ့ ကတော့….

၁။ အမှားကို သိရင် ပြင်ပါ။

Cheryl ဟာ ဒီဇာတ်လမ်းထဲမှာ အိမ်ထောင်ရေးဖောက်ပြား၊ ဆေးသုံးနဲ့ ပေတေခဲ့ရာက ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ဖို့ တစ်ကိုယ်တော်ခရီးထွက်ခဲ့တာပါ။ လူဆိုတာ မှားတတ်ပါတယ်။ ဒါက အမှားတွေလုပ်ဖို့ အကြောင်းပြချက်မဟုတ်ပေမယ့် မှားပြီးတဲ့အခါမှာတော့  အမှားကိုသိပြီး လမ်းကြောင်းပြန်တည့်နိုင်ဖို့လိုပါတယ်။ လောကဓံ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ၊ ရှေ့ဆက်လျှောက်ရတာပါပဲ။

၂။ ခွင့်လွှတ်ပါ။

အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ဖြစ်ပြီးတာတွေကို ပြန်ပြင်လို့မရတော့ပါဘူး။ ဒါပေမယ့် နောက်မဖြစ်အောင်တော့ ကာကွယ်လို့ရပါတယ်။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။ ကိုယ့်အပေါ်မကောင်းခဲ့သူတွေကို ခွင့်လွှတ်ပါ။ ခွင့်လွှတ်ခြင်းက ကိုယ့်စိတ်ကို ပူလောင်ခြင်းက ကင်းဝေးစေသလို ခွန်အားအသစ်နဲ့ ရှေ့ဆက်ဖို့ အထောက်အပံ့ဖြစ်ပါတယ် ။

Tracks (၂၀၁၃)

ဒီဇာတ်ကားကတော့ ၁၉၇၇ ခုနှစ်က သြစတြေးလျအမျိုးသမီးငယ်တစ်ဦးရဲ့ အနောက်သြစတြေးလျ သဲကန္တာရ တစ်လျှောက် မိုင်ပေါင်း ၁၇၀၀ ကျော်ကို ကုလားအုတ် ၄ ကောင်နဲ့ ခွေးလေး ၁ ကောင်နဲ့အတူ ခြေလျင်ခရီးထွက်ခဲ့တဲ့ အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ပဲဖြစ်ပါတယ်။

၁။ ကိုယ့်ရည်မှန်းချက်ခရီးကို ဘယ်လိုပဲ အဟန့်အတားတွေရှိရှိ ဇွဲအပြည့်နဲ့ ဆက်လျှောက်ပါ။

ဒီကားထဲမှာဆို အမျိုးသမီးတစ်ဦးထဲ မိုင်ထောင်ချီသဲကန္တာရခရီးထွက်မယ်ဆိုလို့ လူတွေက “မဖြစ်နိုင်ဘူး” ၊ “လမ်းမှာ   သေမှာပဲ” လို့ အမျိုးမျိုးဝေဖန်ကြပေမယ့် ရောက်အောင်သွားခဲ့တဲ့ မဆုတ်မနစ်စိတ်ဓာတ်ကိုတွေ့ရမှာပါ။ ဖြစ်ရပ်မှန်မို့ ဇာတ်လမ်းထဲမှာပဲရှိတာပါလေလို့ ဆင်ခြင်လည်းပေးလို့မရဘူးနော်။ “ချီးမွမ်း ၇ နှစ်ရက်၊ ကဲ့ရဲ့ ၇ နှစ်ရက်” ဆိုသလို ပါပဲ။ လူတွေကတော့ ပါးစပ်ပေါက်ရှိသ၍ကတော့ ဝေဖန်နေမှာပဲ။ ကိုယ်ဖြစ်ချင်တာကိုတော့ ကိုယ်ပဲသိပြီး ကိုယ်ပဲလုပ်ရ သလို ကောင်းကျိုးကိုလည်း ကိုယ်ပဲစံရမှာမို့ ဆက်သာလုပ်ပါလို့။

၂။ နှလုံးသားချင်းနီးဖို့သာ အဓိကပါ။

နှလုံးသားချင်းနီးဖို့ဆိုလို့ အချစ်ရေးသင်ခန်းစာမဟုတ်ပါဘူး။ လူလူချင်းစာနာနားလည်မှုကို ညွှန်းဆိုချင်တာပါ။ ဒီကားထဲမှာ Robyn နဲ့ လမ်းပြလုပ်ပေးတဲ့ Native Australian Mr. Eddie  နဲ့ဟာ တစ်ယောက်ပြောတဲ့ စကားကို နောက် တစ်ယောက်က ဟုတ်တိပတ်တိနားမလည်ပါဘူး။ ဒါပေမယ့် သူတို့ကြားထဲမှာ ခင်မင်ရင်းနှီးမှုနဲ့ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုကတော့ ရှိနေပါတယ်။ မတူညီတဲ့ ဘာသာစကားတွေပြောနေပေမယ့် အဲ့အချက်က လူတွေကို မဝေးကွာစေဘူးဆိုတာကို မီးမောင်းထိုးပြထားပါတယ်။

The secret life of Walter Mitty

ဒီဇာတ်လမ်းကတော့ Life Magazine မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာတဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Walter ရဲ့ အလုပ်အပေါ် ငြီးငွေ့ပြီး စွန့်စားခန်းထွက်ချင်တဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာတဲ့အခါ အတွေးသစ်အမြင်သစ်နဲ့ ဘဝကို   ရှေ့ဆက်တဲ့အကြောင်းလေးကို ရိုက်ကူးပုံဖော်ထားတာပါ။ ဓာတ်ပုံ နဂ္ဂတစ်ကူးတဲ့ တာဝန်ကို နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ Walter ဟာ သူ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာတော့ သူရဲကောင်းတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ မဂ္ဂဇင်း ဖျက်သိမ်းခါနီး နောက်ဆုးထုတ်ဝေမယ့် မဂ္ဂဖင်းမျက်နှာဖုံးအတွက် ပျောက်နေတဲ့ ဓာတ်ပုံကို ရှာဖို့ ကမ္ဘာပတ်နေတဲ့ ဓာတ်ပုံပိုင်ရှင်ကို ဟိမဝန္တာအထိရှာပုံတော်ဖွင့်ခဲ့တဲ့ Walter ရဲ့ စွန့်စားခန်းတွေက လူအတော်များများအတွက် အခုလို Inspiration တွေ ရစေပါတယ်။ …..

၁။ အပြောင်းအလဲသစ်ကို ကြိုဆိုပါ။

သာမန်အားဖြင့် လူတွေဟာ အပြောင်းအလဲကို လန့်တတ်ကြပါတယ်။ အပြောင်းအလဲမှာ ကိုယ်အသား ကျနေကြနေရာကနေ အသစ်ချိန်းကြရတဲ့အခါ ယုံကြည်မှုအားနည်းပြီး စိုးရိမ်လေ့ရှိပါတယ်။ အများအားဖြင့် ပြောင်းလဲတာဟာ ပိုကောင်းတဲ့အနေအထားရောက်ဖို့အတွက်ပါ။ အဲလို အကောင်းဖက်ကိုသွားတဲ့ အပြောင်းအလဲမျိုးကို ကြိုဆိုသင့်ပါတယ်။ ရန်ကုန်မှာ YBS ဘတ်စ်ကားတွေစပြေးဆွဲသလိုမျိုး အစပိုင်း အဆင်မပြေတာလေးတွေ ရှိပေမယ့် ရေရှည်ကောင်းဖို့အတွက်မို့ အားလုံးဝိုင်းဝန်းပါဝင်ကြသလိုမျိုးပေါ့။ ခရီးသွားတဲ့အခါ ကိုယ်မသိမမြင်ဘူးတာတွေမြင်ရတွေ့ရမယ်။  ကိုယ်မကြုံဘူးတာတွေ ကြုံရ၊ ဆုံရမယ်။ အဲ့ကရတဲ့ သင်ခန်းစာကတစ်ဆင့် ဘဝမှာအပြောင်းအလဲတွေ ကြုံလာတဲ့အခါ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ယုံကြည်မှုတွေကို တဖြည်းဖြည်းချင်းတည်ဆောက်ပါ။

၂။  အိပ်မက်အတွက် ခြေလှမ်းစလှမ်းပါ။

အကြောင်းပြချက်အမျိုးမျိုးနဲ့ ကျွန်မတို့တွေဟာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို မဖြစ်နိုင်ပါဘူးလေဆိုတဲ့   ခေါင်းစဉ်အောက်ထဲပို့ပြီး မေ့ထားဖို့ကြိုးစားတတ်ကြပါတယ်။ အမှန်တော့ ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့ ၂ ခုပဲလိုပါတယ်။ စိတ်ကို ဖွင့်ထားပါ။ ပြီးတော့ စလုပ်ပါ။ ဒီကားထဲမှာ Walter ဟာ ခရီးတောင် ဟုတ်တိပတ်တိမထွက်ဘူးရာ ကနေ သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့် ဝေးလံခေါင်ဖျား ဟိမဝန္တာအထိကို တစ်ကိုယ်တော် အရောက်သွားခဲ့ပါတယ်။ အဲတော့ ဖြစ်ချင်တဲ့ ဆန္ဒရှိရင် ဟိုတွေးဒီတွေး၊တွေးလွန်းတာတွေရပ်ပြီး အချိန်နည်းနည်းပေးပြီး စလုပ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

Queen

“Queen” ဇာတ်ကားကတော့ အိန္ဒိယရုပ်ရှင်ဖြစ်ပြီး မိဘတွေရဲ့ အုပ်ထိန်းမှု အောက်မှာ ပိပိပြားပြားနေတဲ့ ရိုးအတဲ့ မိန်းကလေးတစ်ဦးရဲ့ တစ်ကိုယ်တော် ဥရောပခရီးအကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ Rani ဟာ လက်ထပ်ဖို့ ၂ ရက်အလိုမှာ သူမချစ်သူက ပွဲဖျက်လိုက်တဲ့အတွက် ရှက်လည်းရှက် ယူကျုံးမရဖြစ်ရာက ကြိုတင်စီစဉ်ထား ပြီးဖြစ်နေတဲ့ ဥရောပဟန်းနီးမွန်းကို ၁ ယောက်ထဲသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ခရီးစဉ်က Rani ရဲ့ ဘဝအလှည့်အပြောင်း ကို ဖန်တီးသွားတဲ့ အကြောင်းကို တင်ဆက်ထားတာပါ။

ဒီကားက ရတဲ့ အဓိက သင်ခန်းစာတွေကတော့

၁။ တစ်ယောက်ထဲ လုပ်တတ်ကိုင်တတ်အောင်သင်ယူပါ။

လူတွေက အဖော်အပေါင်း၊ အစုအဖွဲ့နဲ့ နေတတ်ကြပါတယ်။ ဒါပေမယ့် အရေးကြုံလာတဲ့အခါ ကိုယ့်ဘေးမှာ ကိုယ်အားကိုးရတဲ့သူတွေ အချိန်မရွေးရှိချင်မှ ရှိမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အားကိုးဖြေရှင်းတတ်ဖို့လိုပါတယ်။ တစ်ကိုယ်တော်ခရီးသွားတဲ့ အတွေ့အကြုံမျိုးကတစ်ဆင့် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ၊ ယဉ်ကျေးမှုမတူညီတဲ့ လူတွေနဲ့ ဘယ်လိုအဆင်ပြေအောင် ပေါင်းသင်းဆက်ဆံမလဲစတာတွေကို သင်ယူနိုင်ပါတယ်။

၂။ “ဒါက မိန်းကလေးတွေလုပ်ရမယ့်အလုပ်မဟုတ်ဘူး” ဆိုတဲ့ ထိန်းချုပ်မှုတွေကို ကျော်လွှားပါ။

မိန်းကလေးတွေက ယောက်ျားလေးတွေထက် သဘာဝအရ ကိုယ်ခံအား နည်းချင်နည်းမယ်။ ဉာဏ်ရည်တော့ မနည်းပါဘူး။ သစ်တုံးတစ်တုံးကို မိန်းကလေးမို့ အလွယ်တကူ မချင်မှ မနိုင်မယ်။ ဒါပေမယ့် မနိုင်မယ့်နည်းကို သေချာစဉ်းစား အသုံးချရင် မနိုင်ပါတယ်။ အဲလိုပါပဲ။ မိန်းကလေးမို့ တစ်ယောက်တည်းခရီးမသွားသင့်တာ၊ မိန်းကလေးမို့ အိမ်တွင်းအောင်းသင့်တာစတဲ့  ရှေးကျပြီး ခွဲခြားဆက်ဆံခံရတဲ့ အဆင့်မှာ မနေဖို့ကို ဒီကားလေးကို ကြည့်ပြီး အတုယူသင့်ပါတယ်။

၃။ လူတိုင်းက အတူတူပါပဲ။

အမှတ်တမဲ့ဆိုပေမယ့်  ဒီဇာတ်ကားလေးထဲမှာ ရာနီတွေ့ဆုံခဲ့တဲ့ သူငယ်ချင်းတွေဟာ နေရာဒေသအသီးသီးက ယဉ်ကျေးမှုမတူသူတွေဖြစ်ပါတယ်။ ဘယ်နေရာမှာပဲနေနေ၊ အသားအရောင် ဘယ်လိုပဲကွဲပြားနေပါစေ၊ လူတွေဟာ အခြေခံချင်းအတူတူပါပဲ။ ချစ်ခြင်းမေတ္တာကို တောင့်တကြတယ်။ ပျော်ရွှင်ချင်ကြတယ်။ အနာဂတ်အတွက်   မျှော်လင့်ချက်တွေရှိကြတယ်။  ကိုယ်တွေနဲ့မတူလို့၊ ကိုယ့်အဖွဲ့ကမဟုတ်လို့စတဲ့ ခွဲခြားမှုတွေကြောင့် ကမ္ဘာကြီးမငြိမ်းချမ်းတာကို သတိပြုသင်ခန်းစာယူသင့်ပါတယ်။

အပန်းပြေဖို့ရည်ရွယ်ချက်နဲ့ အဓိက ရုပ်ရှင်ကြည့်ကြပေမယ့် ရုပ်ရှင်ကားကောင်းတွေကြည့်ရင်း ဘဝသင်ခန်း စာတွေကို ရှာဖွေနိုင်ပါတယ်။ ဒီ ဇာတ်ကားတွေကတစ်ဆင့် ဘဝအမောတွေပြေသလို စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်ပါစေ လို့ မျှော်လင့်ပါတယ်။

Words by Khine (Insightgiveaways) ©

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s