နိုင်ငံတကာမှာ ခေတ်စားတဲ့ ခရီးသွားနည်းတစ်မျိုးဖြစ်တဲ့ Hitchhiking အကြောင်းကိုတော့ အရင်က ရေးထားတဲ့ ဥရောပကို စရိတ်သက်သက်သာသာနဲ့ ဘယ်လိုခရီးသွားကြမလဲ ဆိုတဲ့ ပို့စ်မှာ Intro ပြောထားတာ မှတ်မိကြမယ်ထင်ပါတယ်။ (မမှတ်မိရင်လည်း လင့်ခ်ထဲဝင်ပြီး ပြန်ဖတ်ကြည့်လိုက်နော်။ ) ဒီတစ်ခေါက်တော့ Hitchhiking အကြောင်းကို နည်းနည်းလောက် သေချာလေ့လာကြည့်လိုက်ရအောင်။

Hitchhiking ဆိုတာဘာလဲ?

Hitchhiking ခေါ် ကားကြုံတားစီးတယ်ဆိုတာ နေရာတစ်နေရာက တစ်နေရာ၊ မြို့တစ်မြို့က တစ်မြို့ကို အများပြည်သူသုံး သွားလာရေးယာဉ်တွေမသုံးဘဲ လမ်းက ဖြတ်သွားဖြတ်လာ ကား ဒါမှမဟုတ် မော်တော်ဆိုက်ကယ်နဲ့ တခြား လမ်းပန်းသွားလာရေးယာဉ်တွေကို လှမ်းတားပြီး အခမဲ့လိုက်စီးတာမျိုးကို ခေါ်ပါတယ်။ (ဒီပို့စ်မှာတော့ ရေးရလွယ်အောင် ကားကြုံတားပြီး စီးတယ်လို့ပဲ အလွယ်သုံးထားပါတယ်)ကိုယ်တွေဆီမှာတော့ သွားရေးလာရေးခက်ခဲတဲ့နေရာတွေမှာသာ ရန်ဖန်ရန်ခါကြုံဖူးကြပေမယ့် ပုံမှန်အားဖြင့်ကတော့ အဝေးပြေးကားတွေပဲ အများဆုံးစီးကြတာလေ။ Hitchhiking ဆိုတာကိုလည်း ရေရေရာရာ မသိတဲ့သူကများတာ။ အနောက်နိုင်ငံတွေမှာတော့ ဒါက အထူးပေါ်ပြူလာဖြစ်တဲ့ ခရီးသွားနည်းတစ်မျိုးဖြစ်သလို နိုင်ငံတကာ hitchhiking အဖွဲ့တွေအများကြီးရှိပါတယ်။ hitchhiking အဖွဲ့ဝင်တွေ နှစ်စဉ်တွေ့ဆုံကြ၊ ပြိုင်ပွဲတွေလုပ်ကြနဲ့ ။ Hitchhiking က  subculture တစ်ခုအသွင်ဆောင်နေပါတယ်။  Hitchhiking ဟာ ယာဉ်တွေရှားပါးတဲ့ခေတ်ကတည်းက ကမ္ဘာအနှံ့ သုံးနေခဲ့ကြတာဖြစ်လို့ တရားဝင်တားမြစ်ထားတဲ့နေရာအချို့ကလွဲလို့ နေရာတော်တော်များများမှာ Hitchhiking လုပ်လို့ရပါတယ်။

ဘာကြောင့် Hitchhiking လုပ်ကြတာလဲ?

Hitchhiking စပေါ်ကာစက အနောက်နိုင်ငံတွေမှာ အိမ်ခြေရာခြေအတိအကျမရှိတဲ့လူတွေ၊၊ hippie တွေ တစ်နေရာကတစ်နေရာ အပြောင်းအရွှေ့မှာ  ကားကြုံတားစီးကြတာမျိုးက စခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ အခမဲ့ ကားကြုံတားစီးဖို့အပြင် အတွေ့အကြုံသစ်တွေ ရှာဖွေနေတဲ့ ခရီးသွားတွေဟာ လမ်းမှာ လူတွေနဲ့ တွေ့ဆုံမိတ်ဖွဲ့ဖို့ ၊ကိုယ့်ရဲ့ သည်းငြီးခံစိတ်နဲ့ စိတ်ဓာတ်စွမ်းအားတွေကို စိန်ခေါ်ဖို့၊ တစ်ချို့ကြတော့လည်း စွန့်စားခန်းအတွေ့အကြုံသစ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဖို့ စတဲ့ အကြောင်းပြချက်တွေနဲ့ Hitchhiking လုပ်ကြပါတယ်။

         “Hitchhiking is a game of patience and mental strength”                                                         by hitchwiki

hitchhiking

Hitchhiking က ကိုယ်သွားချင်တဲ့နေရာကို ဘယ်အချိန်အတွင်းရောက်ရမယ်ဆိုတဲ့ အစီအစဉ်အတိအကျ မဆွဲထားဘဲ   ပေါ့ပေါ့ပါးပါးခရီးသွာတဲ့ စတိုင်မျိုးနဲ့ပိုကိုက်ပါတယ်။ အတိုချုံးပြောရရင်တော့  plan မရှိတဲ့ good planner တွေ အတွက်ပါ။ ဆိုလိုချင်တာက Hitchhiking မလုပ်ခင် ကြိုတင်စဉ်းစားပြင်ဆင်ရတာတွေကတော့ အများကြီးပါ။ ဒါပေမယ့် ဒီနေ့တော့ ဘယ်သွားမယ် ဘာစားမယ်နဲ့ plan ကြိုဆွဲလို့မရပါဘူး။ ကားကြုံလိုက်စီးဖို့ ဘယ်လောက်ကြာကြာစောင့်ရမယ်ဆိုတာ ကြိုမသိနိုင်လို့ပါ။ တစ်ခါတစ်လေ ခရီးဝေးသွားမယ့်သူမျိုးဆို တစ်ခါထဲကားကြုံမရဘဲ အဆင့်ဆင့် ကားပြောင်းတာရတာမျိုးတွေလည်းရှိနိုင်ပါတယ်။

ပွဲမဝင်ခင် ပြင်ကကျင်းပ

Hitchhiking လုပ်တော့မယ်ဟေ့ ဆိုရင် ဇွဲ၊ လုံလရှိဖို့ စိတ်ရှည်သည်းခံနိုင်ဖို့က နံပါတ် တစ် အရေးကြီး ပါတယ်။ အဲတော့ မလုပ်ခင်မှာ ဆောင်ရန်၊ ရှောင်ရန်လေးတွေလည်းသိထားရင်ကောင်းတာပေါ့။

ဘယ်လိုအမှတ်အသားပြကြမလဲ?

Hitchhiking ရဲ့ typical အမှတ်အသားက လက်တစ်ဖက်ကို ဆန့်တန်းပြီး လက်မထောင်ထားတဲ့ အနေအထားပါ။ ဒါပေမယ့် အဲဒါက အနောက်တိုင်းစတိုင်ပါ။ နေရာတိုင်းတော့ အဲလို signal ပြလို့မရပါဘူး။ ဥပမာဆိုရင် ကိုယ်တွေနိုင်ငံထဲမှာ အဲလိုသာ လုပ်လို့ကတော့ ရူးကြောင်ကြောင်ဆိုပြီးတောင် အထင်ခံရချင်ခံရမယ်။ ကိုယ်တွေကားတားတဲ့ စတိုင်က တစ်မျိုးကိုး။ အဲတော့ ကိုယ် Hitchhiking လုပ်မယ့်နိုင်ငံပေါ်မူတည်ပြီး ဘယ်လိုကားတားရမလဲဆိုတာလည်း   လေ့လာဖို့လိုတာပေါ့။ အများအာဖြင့်ကတော့ အပေါ်က အမှတ်အသားစတိုင်က universal style  ဖြစ်နေတော့   နေရာတော်တော်များများသုံးနိုင်ပါတယ်။ဒီမှာ လည်း နောက်ဆို သုံးရင် သုံးလာမှာပေါ့လေ။ နောက်တစ်ခုက အနောက်နိုင်ငံတွေမှာတော့ ကိုယ်သွားမယ့်မြို့နာမည်ကို အများအားဖြင့် အင်္ဂလိပ်လိုစာလုံးကြီးကြီးရေးပြီး ကိုင်ထားရင် ကားမောင်းတဲ့သူက မြင်ပြီး လမ်းကြုံရင် တင်ခေါ်သွားပါတယ်။ အရှေ့နိုင်ငံတွေမှာတော့ အင်္ဂလိပ်စကားမတတ်တဲ့သူတွေ၊ လက်တင်အက္ခရာမသိတဲ့သူတွေကို အဲ့လိုသွားရေးပြီး ပြလို့ကတော့ နားလည်မှာ မဟုတ်ပါဘူး။ အဲတော့ ဒေသခံတွေဆီ အကူအညီတောင်းပြီး သက်ဆိုင်ရာဘာသာစကားနဲ့ ရေးဖို့ အကြံပေး ချင်ပါတယ်။ နိုင်ငံတစ်ခုက နိုင်ငံတစ်ခုကို Hitchhiking သုံးပြီး road trip go ချင်သူတွေကတော့ အင်္ဂလိပ်လိုရော   ဒေသခံဘာသာစကားလိုပါ နှစ်မျိုးလုံးပြင်ဆင်ထားဖို့ အကြံပေးချင်ပါတယ်။

ဘယ်နေရာမျိုးတွေမှာ ကားတားလို့လွယ်မလဲ။

ကားကြုံတားဆီးတဲ့အခါ မြို့ပြင်ကိုထွက်ပြီးတားပါ။ အရေးကြီးဆုံးအချက်တော့ ကားတွေ အန္တရာယ်ကင်းကင်း ရပ်ပေးနိုင်တဲ့ နေရာကို ရွေးဖို့ပါပဲ။ ဘတ်စ်ကားဂိတ်နဲ့ မလှမ်းမကမ်း၊ ဓာတ်ဆီဆိုင်မရောက်ခင်လေးနား၊ မီးပွိုင့်မရောက်ခင်စတဲ့နေ ရာလေးတွေကတော့ hitchhikers တွေအများဆုံး ကားစောင့်တတ်တဲ့နေရာတွေပါ။  ကိုယ်ရောက်နေတဲ့နေရာရဲ့ အခြေခံအဆောက်အအုံတွေကိုလေ့လာထားနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဥပမာ ဥရောပမှာဆိုရင် အဝေးပြေး လမ်းတွေမှာ စောင့်တားတာမျိုးမလုပ်သင့်ပါဘူး။ အန္တရာယ်များသလို ရဲတွေ့ရင် အဖမ်းခံရနိုင်တယ်။  အဲ့အခါမျိုးကျ ကားဓာတ်ဆီဆိုင်နားမှာ စောင့်တာမျိုးက ပိုအဆင်ပြေပါမယ်။ ဒါမှမဟုတ် ဒေသခံတွေကို ဘယ်နားလေးဆိုရင်ဖြင့် ကားကြုံတားစီးလို့ကောင်းမလဲဆိုတာမျိုး မေးပါ။ ကံကောင်းရင် ကိုယ်မေးမိတဲ့ ဒေသခံက ကိုယ့်ကို ကူညီတတ်ပါတယ်။

o7qk1vqy3p0-grant-porter

ဝတ်စားဆင်ယင်မှု

ဝတ်ပုံစားပုံကလည်း ကားကြုံတားစီးတဲ့အခါ အနည်းနဲ့အများ စကားပြောပါတယ်။ အဝေးကမြင်လွယ်တဲ့ အရောင်လွင်လွင်လေးတွေ ဝတ်ဆင်ပါ။ အနက်ဝတ်တာမျိုးကို တတ်နိုင်ရင်ရှောင်ပါ။ ဆောင်းတွင်းမှာဆို နေ့တာတိုတတ်တော့ ကိုယ်ကညနေပိုင်း ကားတားရင် အနက်ဝတ်ထားတော့ ကိုယ့်ကို အဝေးက သေချာမမြင်ရတော့ပါဘူး။  ကိုယ့်ရဲ့ အသွင်အပြင်က  အနည်းနဲ့အများ သပ်သပ်ရပ်ရပ်လေးဖြစ်ပါစေ။ ကားကြုံတင်ခေါ်မယ့်သူအနေနဲ့ကျပြန်လည်း သူတို့အန္တရာယ်ကို ကြိုတွေးရမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ သွင်ပြင်ကို အကဲခတ်ကြမှာပါ။  ကိုယ်က ခရီးပန်းပြီး စုတ်ပြတ်သတ်နေတဲ့ပုံပေါက်နေရင် ကိုယ့်ကို ကားကြုံတင်ခေါ်ဖို့ ၀န်လေးကြပါလိမ့်မယ်။ နောက်အရေးကြီးတဲ့ တစ်ချက်ကတော့ ကိုယ့်ရဲ့ခရီးဆောင်အိတ်ကို ကားမောင်းလာတဲ့လူမြင်သာမယ့်နေရာမှာ ချထားဖို့ပါ။ ဒါဆို ကိုယ့်ကို စွန့်စွန့်စားစားခရီးသွားသူတစ်ယောက်ဆိုပြီး ကားကြုံတင်ခေါ်ဖို့ အလားအလာပိုများပါတယ်။

ခရီးဆောင်အိတ်

Hitchhiking လုပ်ပြီဆိုရင် ကိုယ့်ကို ဘယ်သူက ကားကြုံတင်မလဲဆိုတာကြိုမသိပါဘူး။ တစ်ခါတစ်လေ ထရပ်ကားကြီးတွေနဲ့ လိုက်ရတတ်သလို တစ်ခါတစ်လေ ကားသေးသေးလေးထဲ လူအများနဲ့ ကျဉ်းကျဉ်းကျုပ်ကျုပ် လိုက်ရတာမျိုးလဲရှိပါတယ်။ဒါကြောင့် ကိုယ့်ခရီးဆောင်အိတ်က နေရာမယူစေဖို့လိုပါတယ်။ ကိုယ့်ကို တင်ခေါ်ချင်ရဲ့သား နဲ့ ခရီးဆောင်အိတ်က မဆန့်တာမျိုးကြုံရင်တော့ စောင့်ပေဦးတော့ နောက်တစ်ကား။ Backpack ကတော့ အကောင်းဆုံးပါ ပဲ။  ခရီးကြာကြာသွားရလေ နည်းနည်းသယ်တာ ပိုကောင်းလေပါပဲ။ ခရီးဆာင်အိတ်က အရမ်းလေးတဲ့အခါ အဲဒါက သယ်ရတာ ဝန်ပိုသလို အလေးချိန်ကြောင့် ပင်ပန်းပြီး အလွယ်တကူ စိတ်ညူစူနိုင်ပါတယ်။ Hitchhiking လုပ်တာ စိတ်ရှည်ဖို့လိုတဲ့အတွက် အဲလိုအသေးစိတ်ကအစ ကြိုတွေးပြီးပြင်ဆင်ထားတာ ကောင်းပါတယ်။

ကားကြုံတင်ခေါ်မယ့်သူနဲ့ ဆက်ဆံရေး

ကားကြုံရပြီဆိုပြီး အပျော်လွန်ပြီး ကာပေါ်ချက်ချင်းမတက်လိုက်ပါနဲ့ဦး။ ကားပေါ်မတက်ခင်မှာ သွားမယ့်နေရာနဲ့ ပိုက်ဆံမရှိဘူးဆိုတာကို  သေသေချာချာပြောဖို့လိုပါတယ်။  နိုင်ငံတော်တော်များများကတော့ အင်္ဂလိပ်လို မပြောကြ ရင်တောင် “No Money” ဆို သဘောပေါက်ပါတယ်။ တစ်ချို့က တင်ခေါ်ပြီးမှ ပိုက်ဆံတောင်းတတ်လို့ပါ။ နောက်ပြီး Hitchhiking က ၁၀၀ ရာခိုင်နှုန်းစိတ်ချရတာမျိုးတော့ မဟုတ်တဲ့အတွက် ကားရပ်ပေးတဲ့သူနဲ့ eye contact ယူပြီး စကားပြောကြည့်၊ ကားထဲကိုလည်း တစ်စေ့တစ်စောင်းအကဲခတ်ကြည့်ပြီး မသင်္ကာရင် အဲ့ကားနဲ့ မလိုက်ပါ နဲ့။ အကြောင်းတစ်ခုခုပြပြီး ငြင်းလိုက်ပါ။ ကားပေါ်ရောက်ပြီးမှ… မသင်္ကာရင်တော့  နေမကောင်း ချင်ယောင်ဆောင်ပြီး အန်တော့မယ့်ပုံနဲ့ ကားကို ရပ်ခိုင်းပါ။ ပြီးရင်တော့ ကြည့်ကောင်းအောင်ငြင်းလိုက်ပြီး လူများနိုင်တဲ့နေရာဆီ သုတ်ခြေတင်ပါတော့။ Hitchhiking လုပ်တဲ့အခါမျိုးမှာ ကိုယ့်ရဲ့ စိတ်ထဲက နည်းနည်းလေးပဲဖြစ်ဖြစ် မသင်္ကာဘူးဆိုတာနဲ့ ဆက်မစီးပါနဲ့တော့။ ငြင်းလိုက်ပါ။ ဒီလိုတွေကြုံနိုင်လို့ Hitchhiking လုပ်ဖို့အားတော့ မလျော့ပါနဲ့။ လူတိုင်းမကြုံပါဘူး။ ကိုယ်က ကြိုမတွေးထားဘဲနဲ့တောင် ပြဿနာကြုံရင် ရင်ဆိုင်ဖြေရှင်းကြရသေး တာ။ ကိုယ်က ကြုံလာခဲ့ရင်လို့ ကြိုတင်တွေးထား၊ solution ကိုလည်း တွေးထားပြီးသားမို့ adventure ကြိုက်သူတွေဆိုရင်တော့ ရဲရဲဝံ့ဝံ့သာ try ကြည့်ပါ။

စိတ်ချရတယ်ထင်လို့ ကားကြုံလိုက်ပြီးပြီဆိုရင်တော့ ကားပေါ်ပါလာသူတွေနဲ့ စကားစမြည်ပြောပါ။ ဥပမာ ကိုယ်တွေက အာရှသားဆိုတော့ ဥရောပမှာ hitchhiking လုပ်ပြီဆိုရင် ကားကြုံရလွယ်တတ်ပါတယ်။ သူတို့က ကိုယ်တွေအကြောင်းစိတ်ဝင်စားကြတယ်လေ။ ကားကြုံလိုက်စီးပြီး ပါးစပ်ကြီးပိတ်ပြီး ဘာမှမပြောဘဲ နဲ့တော့ မနေပါနဲ့။ ကားကြုံတင်တဲ့သူဘက်က အလကားတင်ခေါ်တာဖြစ်ပြီး သူတို့ဘက်ကကြည့်ရင် စိတ်ကောင်းစေတနာကြောင့်၊ ကမ္ဘာရဲ့ အခြားတစ်ဖက်ခြမ်းမှာ နေထိုင်နေတဲ့ ကိုယ်တွေရဲ့ နေ့စဉ်ဘဝ အကြောင်း၊ ခရီးသွားစွန့်စားခန်းအကြောင်းတွေကို စိတ်ဝင်စားတာကြောင့် ပြီးတော့ ကားအကြာ ကြီးမောင်းတဲ့သူတွေဟာ အရမ်းပင်ပန်းပြီး အိပ်ငိုက်လွယ်လို့ စကားပြောဖော်ရအောင်လို့ ကိုယ့်ကိုတင်ခေါ်တာဆိုတာ ကို မမေ့ပါနဲ့လို့။

ဘယ်နိုင်ငံတွေက hitchhike လုပ်လို့ကောင်းလဲ?

ဥရောပမှာဆိုရင် ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ နော်ဝေးစတဲ့ နိုင်ငံတွေက ကားကြုံတားစီးရလွယ်ပြီး စပိန်နဲ့ အီတလီနဲ့ကတော့ အကြာကြီးစောင့်ရတတ်လို့ hitchhiking community မှာ နာမည်ဆိုးပါတယ်။ ကြာတတ်ပေမယ့် မဖြစ်နိင်တာတော့ မဟုတ်ဘူးနော်။ ကိုယ်တွေအလှည့်တုန်းကတော့ အီတလီက ကမ်းခြေမြို့လေး Positano ကနေ Sorrento ကို Hitchhiking လုပ်တာ ၁၀ မိနစ်တောင် မစောင့်လိုက်ရဘူး။ ရရော။  တစ်ယောက်နဲ့ တစ်ယောက် အတွေ့အကြုံချင်းကတော့ တစ်ထပ်တည်းကျမှာ မဟုတ်ဘူးလေ။ အရှေ့အလယ်ဘက်ခြမ်းမှာဆိုရင်တော့   ဂျော်ဂျီယာ၊ အာမေးနီးယား၊တူရကီတို့က Hitchhiking နဲ့ ရင်းနှီးတဲ့နိုင်ငံတွေဖြစ်ပြီး ဒီဘက်ခြမ်းမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေက Hitchhiking နဲ့ မရင်းနှီးပေမယ့် ကူညီတတ်တဲ့စိတ်အရင်းခံတွေရှိလို့ အတော်လေး လွယ်ပါတယ်။ အမေရိကန်နဲ့ သြစတြေးလျတို့မှာလည်း Hitchhiking လုပ်ရတာ အဆင်ပြေပါတယ်။

on2okc3o5nk-sahitya-kakarla

Bonus: Hitchhiking Maps apps ကို ဒေါင်းထားပါ။ အဲ့မှာ အဓိကအားဖြင့်တော့ ဥရောပနဲ့အာရှမှာ Hitchhiking လုပ်လို့ကောင်းတဲ့ နေရာလေးတွေကို သွားပြီးသား၊ အတွေ့အကြုံရှိပြီးသား Hitchhikers   တွေက အသေးစိတ်ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် ကိုယ် ကားတားစီးမယ့်နေရာမှာ ပျမ်းမျှ ဘယ်လောက် ကြာကြာစောင့်ရနိုင်လဲဆိုတာကိုပါ သိနိင်ပါတယ်။

အထွေထွေအကြံဉာဏ်များ
  • မြို့ထဲကနေ hitchhiking မလုပ်ပါနဲ့။ မြို့ပြင်ထွက်ပြီး ကိုယ်သွားမယ့်နေရာကိုဦးတည်တဲ့ လမ်းကြောင်းမှာ ကားတားပါ။
  • ကိုယ့်ကို ကားကြုံတင်မခေါ်လို့ စိတ်မဆိုးပါနဲ့။ ဒါက ကားမောင်းသူတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ပါ။    တစ်စီးမဟုတ် တစ်စီးကတော့ ခေါ်မှာပါ။ စိတ်ရှည်သည်းခံနိုင်စွမ်းကို စမ်းသပ်တဲ့ စိန်ခေါ်မှုကို ကိုယ်တိုင်လက်ခံပြီး လုပ်နေတာ ဆိုတာကို မမေ့ပါနဲ့။
  • Hitchhiking မှာ beginner လေးတွေဆိုရင်တော့ အဖော်နဲ့သွားတာပိုကောင်းပါတယ်။ ပြီးတော့     ခရီးတိုကနေ စပြီး စမ်းပါ။ ကိုယ် hitchhiking မှာ နည်းနည်းအတွေ့အကြုံရှိလာတော့မှ ခရီးဝေးကို စမ်းပါ။
  • လုံခြုံရေးအတွက် ညဘက် hitchhiking လုပ်တာကို တတ်နိုင်သလောက်ရှောင်ပါ။
  • ကိုယ်ရောက်နေတဲ့ နေရာရဲ့ အရေးပေါ်ဖုန်းနံပါတ်ကို ကိုယ်နဲ့မကွာ ဆောင်ထားပါ။
  • ဘယ်လောက်ကြာကြာစောင့်ရမယ်မှန်း မသိနိုင်လို့ အဆာပြေစားစရာလေးတွေဆောင်ထားပါ။ ဓာတ်မီး၊ မီးခြစ်၊ Power Bank လေးတွေလည်း ဆောင်ထားပါ။
  • ရာသီဥတုအပြောင်းအလဲအတွက် sun block၊ မိုးရွာရင်သုံးဖို့ မိုးကာ၊ ဆေးအနည်းငယ်၊ အနွေးထည် စတာတွေလည်း သယ်ဖို့ မမေ့ပါနဲ့။
  • အင်္ဂလိပ်စကားမပြောတဲ့နိုင်ငံတွေမှာ အရေးပေါ် မေးရမြန်းရတော့မယ်ဆို ခရီးသွားရင်သုံးတဲ့ အခြေခံစကားတိုလေးတွေပါတဲ့ Language app လေးတွေ ဒေါင်းထားနိုင်ရင် ပိုကောင်းပါတယ်။ (Language app တွေအကြောင်း ပိုသိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်မှာ ဝင်ဖတ်နိုင်ပါတယ်။)

ကဲ ဒီလောက်ဆိုရင်တော့ Hitchhiking စလုပ်လို့ရပါပြီ။ စိတ်ဝင်စားလို့ ပိုပြီးလေ့လာချင်၊ သိချင်တယ်ဆိုရင်တော့ hitchwiki မှာ Hitchhiking နဲ့ပတ်သက်တာတွေကို အသေးစိတ်ဝင်ရှာနိုင်ပါတယ်။ အဲ့မှာလည်း Hitchhiking လုပ်လို့ကောင်းတဲ့နေရာတွေရှာနိုင်တဲ့ Maps တွေရှိပါတယ်။ ပိုလေ့လာလေလေ၊ ပိုကောင်းတဲ့ အတွေ့အကြုံအမှတ်တရတွေ ပိုင်ဆိုင်နိုင်လေပါပဲ။ ဒါကြောင့် Learn more, Live better!

Words by Khine (Insightgiveaways) ©

Save

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s