ယနေ့ခေတ်ရေစီးကြောင်းမှာ iPhone အသစ်ထွက်ရင် အရင်ဆုံးကိုင်မှ၊ ဖက်ရှင်အသစ်ထွက်ရင် အရင်ဆုံးဝတ်မှ၊ apps တွေအသစ်ထွက်ရင် အရင်ဆုံး သုံးလိုက်ရမှ စသဖြင့်  ဘာမဆို “တစ်” ဖြစ်မှ ရေပန်းစားတတ်ပါတယ်။  ခရီးသွားကြတယ်လို့ဆိုရင်လည်း လူသိများတဲ့နေရာမျိုးတွေကို အဓိကသွားကြပြီးတော့ (အထူးသဖြင့် နိုင်ငံခြားခရီး) ရောက်ဖူးပြီးကြောင်း Facebook မှာ check-in လေးဝင်လိုက်ရမှ၊ ဓာတ်ပုံလေးတွေ တင်လိုက်ရမှ။ ဘယ်နှစ်နိင်ငံတော့ ရောက်ဖူးပြီးပြီ။ ဘယ်နှစ်နေရာတော့သွားပြီးပြီစသဖြင့်ပေါ့ ။ ဒါက ခရီးသွားခြင်းက ရနိုင်တဲ့ “sense of accomplishment” ခေါ်  ပြီးမြောက်အောင်မြင်မှုအငွေ့အသက်တစ်မျိုးဖြစ်သလို social media ဆိုတာကလည်း သူငယ်ချင်းတွေကြားချိတ်ဆက်မျှဝေကြတာဆိုလေတော့ ဘာမှကောင်းသည်ဆိုးသည် မပြောသာပါ။  ကိုယ်တင်တဲ့ ဓာတ်ပုံတွေကြည့်ပြီး တခြားသူတွေ ခရီးထွက်ဖြစ်အောင် inspiration ဖြစ်စေနိုင်တဲ့အတွက်လည်း ကောင်းပါတယ်။ ဒါပေမယ့် ခရီးသွားကြပြီဟေ့ဆိုရင် အချိန်ပေး၊ ငွေပေးရသလို လူအားစိတ်အားလည်းသုံးရပါတယ်။  အဲလိုအများကြီးရင်းနှီးပေးဆပ်ရပြီးမှ ခရီးတစ်ခုထွက်တဲ့အခါ  ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့လိုတာက “ငါ ခရီးသွားရကျိုးနပ်ခဲ့ရဲ့လား?”

ကျွန်မတို့ ဘာကြောင့်ခရီးထွက်ကြတာလဲ?

ခရီးသွားခြင်းရဲ့ အဓိပ္ပာယ်က Subjective တစ်နည်းအားဖြင့်ဆိုရရင် လူတစ်ဦးချင်းစီရဲ့ အကြိုက်နဲ့ ခံယူချက်ပေါ်မှာ မူတည်ပါတယ်။ အခုနောက်ပိုင်း ပေါ်ပင်ဖြစ်နေတဲ့ “toursit vs traveller” ဆိုတာတွေလည်း ခေါင်းထဲထည့်ဖို့မလိုပါဘူး။ ခရီးသွားတဲ့စတိုင်အမျိုးမျိုးမှာ ဘယ်ဟာကမှ မှားတယ်မှန်တယ်ဆိုတာ မရှိပါဘူး။ ကျွန်မတို့ မြန်မာနိုင်ငံက Facebook မှာမြင်နေရတဲ့ mainstream ခရီးသွားဟန်တွေက လူငယ်သဘာဝပျော်စရာအမှတ်တရလေးတွေမို့ စိတ်အပန်းပြေနိုင်သလို (အကုန်အကျတော့ များတယ်) ကိုယ်က အပြင်လောကရဲ့ မတူညီတဲ့ ဓလေ့စရိုက်တွေ အယူအဆတွေကို လေ့လာလိုသူဆိုရင်တော့ mainstream ကနေခွဲထွက်ပြီး စွန့်စားခရီးလေးတွေထွက်နိုင်တာပဲ။ အဓိကက ကိုယ် သွားခဲ့တဲ့ခရီးကနေ ဘယ်လောက်အထိ အကျိုးအမြတ်ရခဲ့လဲ ကိုယ့်ကိုယ်ကို  ပြန်မေးဖို့ပါပဲ။ ဘဝဆိုတာကလည်း နေ့စဉ်သင်ယူနေရ၊ သုံးသပ်လေ့လာနေရတာမျိုးမဟုတ်လား။ 

ခရီးသွားခြင်းကနေ ရနိုင်တဲ့ အကျိုးအမြတ်တွေကို မေးခွန်းထုတ်ဖို့၊ နောင်အခါ ပိုကောင်းတဲ့အမှတ်တရတွေဖန်တီးနိုင်ဖို့ အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ အပေါ်မှာပြောထားသလိုပဲ ခရီးသွားခြင်း အနှစ်သာရက ကိုယ့်အကြိုက်ကိုယ့်စတိုင်ပေါ်မူတည်တဲ့အတွက် အချက်တိုင်းက လူတိုင်းနဲ့တော့ မကိုက်ညီနိုင်ပါဘူး။ အဲတော့ လိုတာယူ၊ မလိုတာပယ်ပေါ့နော်။

၁။ စိတ်အပန်းပြေမှု
ခရီးသွားတဲ့အခါ ပုံမှန် ရှင်သန်နေတဲ့နေ့စဉ်ဘဝအခက်အခဲတွေကနေ ခဏလွတ်ကင်းဖို့ စိတ်အပန်းပြေဖို့အဓိကရည်ရွယ်ချက်နဲ့ခရီးသွားကြပါတယ်။ လူတစ်ယောက်အကြိုက်ချင်းမတူတဲ့အတွက် သူများတွေ ပြတိုက်တွေသွားလေ့လာတိုင်း ကိုယ်က သိပ်စိတ်မဝင်စားရင် ရောက်ဖူးဖို့မလိုပါဘူး။ အဲလိုပဲ tourist attraction တိုင်းကို သွားစရာမလိုပါဘူး။ ဥပမာဆို ဘာစီလိုနာမြို့ကို လည်ပါပြီတဲ့။ ဘာစီလိုနာ Nou Camp ကို ကိုယ်က ဘောလုံးဝါသနာအိုးမဟုတ်ဘဲနဲ့ ဘာသွားလုပ်မလဲ။ အဲ့အစား တခြား ဗိသုကာအဆောက်အအုံတွေ၊​ ကြည့်စရာတွေမှ တစ်ပုံတစ်ခေါင်း။ ကိုယ့စိတ်ဝင်စားနှစ်ခြိုက်မယ့်နေရာလေးတွေကို ရွေးသွားပြီး အချိန်ပိုဖြုန်း၊​အဲ့နေရာအကြောင်းလေ့လာတာက ပိုကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့အတူခရီး သွားတဲ့အခါမျိုးတွေမှာတောင်မှ တစ်ခါတစ်ခါ independent ဖြစ်ဖို့လိုပါတယ်။ ကိုယ်က ပြတိုက်သွားချင်ပြီး သူငယ်ချင်းက Disney land မှာ ပျော်ချင်ရင် ခွဲသွားပြီးနောက်ပြန်ဆုံပေါ့။ အဖော်တွေနဲ့ခရီးသွားတဲ့အခါ ညီညီညွတ်ညွတ်တိုင်တိုင်ပင်ပင်ဆိုပေမယ့် ကိုယ်ကိုယ်တိုင် ပျော်ဖို့လည်းလိုလို့ ဒါမျိုးလေးတွေညှိယူပြီး အထစ်အငေါ့မရှိတဲ့ အမှတ်တရတွေဖန်တီးနိုင်တာပေါ့။

၂။ အဲ့နေရာအကြောင်း ကိုယ်ဘာတွေသိလိုက်လဲ။
ခရီးသွားခြင်းအနုပညာလို့ဆိုကြတဲ့အခါ စိတ်နှလုံးကို ဖွင့်ပြီး အပြင်လောကကိုလေ့လာတာကလည်း ခရီးသွားခြင်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ သူတို့ဆီမှာ ဘာတွေရှိလဲ၊​ဘာတွေကတော့ အတုယူသင့်သလဲ၊ ဘာတွေကတော့ ကိုယ်တွေလောက်မကောင်းဘူး စသဖြင့် မြင်မြင်သမျှက တွေးစရာ၊ အတွေ့အကြုံသစ်တွေပါပဲ။ တခြားနေရာဒေသအကြောင်းတွေကို လေ့လာလိုက်ရတဲ့အတွက် ကိုယ့်မှာရှိထားတဲ့အရာလေးတွေကိုလည်း ပိုပြီး တန်ဖိုးထားတတ်လာတာကို တွေ့ရမှာပါ။

၃။ ဒေသခံ တစ်ဦးတစ်လေနဲ့ အသိအကျွမ်းဖွဲ့ခဲ့ပြီးပြီလား။
ကျွန်မတို့ဆီမှာ ခရီးသွားတဲ့အခါ သူငယ်ချင်းအပေါင်းအသင်းတွေအများကြီးနဲ့ ခရီးထွက်ရတာကို ကြိုက်ကြပါတယ်။ လူများတော့ အဖော်ရပြီး ပျော်လည်းပျော်ရတာပေါ့။ ဒါပေမယ့် လူအများကြီးနဲ့ခရီးထွက်ရင် ကိုယ်သွားတဲ့နေရာမှာ ဒေသခံတွေနဲ့ တွေ့ဆုံစကားပြောဖို့အခွင့်အရေးကတော့ ရှားပါးတတ်ပါတယ်။ ဒါက မဖြစ်မနေလုပ်ရမယ့်အရာမျိုးမဟုတ်ပေမယ့် ကိုယ်သွားမယ့်နေရာအကြောင်းဖတ်ထားလေ့လာထားတာတွေက လက်တွေ့ဒေသခံတစ်ဦးရဲ့အမြင်၊ အတွေ့အကြုံတွေနဲ့ တူချင်မှတူမှာပါ။ အဲလိုမျိုးစကားပြောရင်းက ကိုယ့်ရဲ့ လူမှုဆက်ဆံရေးအသိပညာကို မြင့်မားစေသလို စာနာနားလည်နိုင်မှုနှုန်းလည်း တိုးစေပါတယ်။ ဒါတင်မကပါဘူး။ ကိုယ်သွားလည်တဲ့နေရာမှာ ဘယ်နေရာကတော့ အစားအသောက်ကောင်းတယ်၊​ဘယ်နားလေးတော့ သွားကြည့်သင့်တယ်ဆိုတာတွေလည်း ဒေသခံတွေဆီကနေ မေးမြန်းနိုင်တော့ စမ်းတဝါးဝါးမဖြစ်တော့ဘူးလေ။

၎။ တခြားခရီးသွားဖော်တွေနဲ့ရော ခင်မင်ခဲ့လား။
ခရီးသွားရင်း မိတ်ဆွေဖွဲ့တာက မတူညီတဲ့ဒေသအသီးသီးက ဝါသနာတူတွေနဲ့သိကျွမ်းရတဲ့အတွက် ပျော်ဖို့ကောင်းပါတယ်။ ဒါ့အပြင် ခရီးသွားစတိုင်အမျိုးမျိုးကိုလည်း လေ့လာနိုင်တာပေါ့။ ကိုယ့်ထက်အများကြီးအသက်ငယ်သူတဲ့ခရီးသွားတွေ၊ ကိုယ့်ထက်အသက်အများကြီးကြီးပြီး စွန့်စားခရီးထွက်နေသူတွေ၊ သူတို့တွေနဲ့စကားစမြည်ပြောရင်း inspiration ရစေပါတယ်။

၎။ ဒေသစာတွေရာ မြည်းစမ်းလိုက်ရဲ့လား။
“ဘယ်ဒေသရောက်ရောက် ထမင်းလေးတော့စားလိုက်ရမှပါ”။ ထမင်းစားပြီးကြီးသူတွေမို့ ဒီခံစားချက်ကတော့ အမြဲရှိတယ်။ ဒါပေမယ့် နေရာတစ်နေရာ ရောက်တုန်းပေါက်တုန်းလေး ဒေသစာတွေတော့ မြည်းစမ်းပေါ့။ အစားအသောက်ချက်ပြုတ်နည်းတွေက နေရာဒေသတစ်ခုရဲ့ ယဉ်ကျေးမှုကို အများကြီးထင်ဟပ်နေပါတယ်။ တစ်ခါတစ်လေ အသစ်အဆန်းတစ်ခုစားပြီး အရသာကောင်းတွေ့တဲ့အခါ ကိုယ်တွေစားနေကျချက်နေကျလေးကို ဒီလိုလေးပြင်လိုက်ရင်ဖြင့်ပိုကောင်းမယ်ဆိုပြီး ဟင်းချက်နည်းအိုင်ဒီယာလေးတွေတောင်ရနိုင်သေး။

၅။ ကိုယ့်ကိုယ်ကို ရှာဖွေခြင်း

ဘယ်လောက်ပဲ ခေတ်မီနေတဲ့သူဖြစ်ဖြစ် ကိုယ်နေထိုင်ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်လွှမ်းမိုးမှုက အနည်းနဲ့အများ ကိုယ့်ရဲ့နေထိုင်မှုပုံစံမှာ လာထင်ဟပ်နေပါတယ်။ ခရီးတွေထွက်ပြီး မတူညီတဲ့ပတ်ဝန်းကျင်က ဓလေ့တွေကို မြင်ရတဲ့အခါ ကိုယ့်အတွင်းစိတ်ထဲက ဆန္ဒတွေကို ပိုသိမြင်လာပါတယ်။ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်လဲ၊ ဘယ်လိုမျိုး ဘဝကို ဖြတ်သန်းချင်လဲစတာတွေကို ခရီးသွားရင်းကတစ်ဆင့် သိမြင်လာနိုင်ပါတယ်။

၆။ ခရီးသွားခြင်းက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ဘယ်လောက်တိုးတက်လာစေသလဲ။

ခရီးသွားရင်းက ကိုယ့်မှာရှိလို့ရှိမှန်းမသိခဲ့တဲ့ အရည်အသွေးတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဥပမာ မတူညီတဲ့ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင်နေထိုင်နိုင်တယ်ဆိုတာကို ခရီးသွားရင်းနဲ့က သိလာနိုင်သလိုမျိုး၊ ခြေလျင်တောင်တက်ခရီးတွေသွားရင်းက ကိုယ့်ရဲ့သက်လုံကောင်းမှုတိုးတက်လာတာမျိုး၊  စေ့စပ်သေချာစွာလုပ်ကိုင်နိုင်မှုစတဲ့အရည်အသွေးတွေတက်လာတာမျိုးစသဖြင့် ခရီးသွားရင်း ကိုယ့်အရည်အချင်းတွေကို မြှင့်တင်နိုင်ပါတယ်။

၇။ မှန်းမထားတဲ့အရာတွေကို ရင်ဆိုင်ဖို့ အားတွေရလာပြီလား။

ခရီးသွားရင် ကြိုမှန်းဆလို့မရနိုင်တဲ့အခြေအနေတွေရဲ့ စိန်ခေါ်မှုကို အနည်းနဲ့အများ ကြုံရတတ်ပါတယ်။ နေ့စဉ်ကြုံတွေ့နေကြအရာတွေကနေ ကွဲထွက်ပြီး အခက်အခဲတစ်ချို့ကို ရင်ဆိုင်ဖြေရှင်းရင်းက စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ပြသနာကို ဖြေရှင်းနိုင်တဲ့ စွမ်းအားမျိုးတွေ၊ ပြီးတော့ အပြောင်းအလဲကို ကြိုဆိုတတ်လာတာမျိုးတွေနဲ့ အရာရာကို အကောင်းဖက်က စဉ်းစားတတ်လာတာမျိုးတွေက ခရီးသွားရင်းက ရရှိနိုင်တဲ့ ချစ်ဖွယ်အလေ့စရိုက်လေးတွေပါပဲ။ ဒါကြောင့် စိန်ခေါ်မှုတွေ၊ အသစ်အဆန်းလေးတွေအတွက် အခွင့်အရေးပေးပါလို့ အကြံပေးချင်ပါတယ်။

ဘဝဆိုတာ တိုတောင်းလွန်းလှပါတယ်။ သူများတွေလုပ်တာလိုက်လုပ်ဖို့ သူများတွေဘောင်ခတ်ထားတဲ့ အတွေးထဲမှာပဲ မြောနေဖို့ အချိန်ပိုမရှိပါဘူး။ မတူညီတဲ့အတွေ့အကြုံတွေကို သင်ယူပါ။ စမ်းသပ်ကြည့်ပါ။ အဲ့လိုစမ်းကြည့်ပြီးမှ ကိုယ်က သက်သက်သာသာပေါ့ပေါ့ပါးပါးခရီးသွားတာကိုပဲ ကြိုက်ရင် အဲ့လိုသွား၊ စွန့်စားရတာကြိုက်ရင်လည်း ရှေ့သာဆက်တိုးပါ။ ခရီးသွားခြင်းရဲ့ အဓိက စိတ်ကျေနပ်ဖွယ်ကတော့ အနည်းဆုံးခရီးသွားနေတဲ့ကာလပတ်မှာ အတိတ်မရှိ၊ အနာဂတ်မရှိ ဘာမှ မတွေးတောဘဲ ပစ္စုပ္ပန်ကိုပဲဦးတည်ရွေ့လျားနေတဲ့ စိတ်ခံစားချက်လေးရနေတာပါပဲ။ အားလုံး ခရီးတွေထွက်ရင်း ဘဝရဲ့အဓိပ္ပာယ်သစ်တွေကို ရှာဖွေတွေ့ရှိပါစေနော်။

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s