ဂျော်ဂျီယာလို့ပြောရင် အမေရိကန်ပြည်ထောင်စုက ဂျော်ဂျီယာပြည်နယ်ကိုပဲ လူသိများကြပါတယ်။ ဥရောပတိုက်နဲ့ အာရှတိုက်ကြားက နယ်နိမိတ်ဒေသဖြစ်တဲ့ ကော်ကေးရှပ်စ် (Caucasus) ဒေသမှာရှိတဲ့ ဂျော်ဂျီယာနိုင်ငံကိုတော့ လူသိပ်မသိကြပါဘူး။ ကြားဖူးနားဝရှိရင်တောင် ၂၀၀၈ လောက်က ရုရှားနဲ့စစ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးလောက်ပဲ သိကြတာများပါတယ်။ ဂျော်ဂျီယာနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် သီးသန့်နိုင်ငံအနေနဲ့ကွဲထွက်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားနဲ့ အရှေ့ဥရောပနိုင်ငံတွေအကြားမှာတော့ စားသောက်ဖွယ်တွေနဲ့ပတ်သက်ရင် နာမည်ကြီးပါတယ်။ ဒီတစ်လရဲ့ လူသိနည်းတဲ့နေရာတွေအကြောင်းမှာတော့ ဂျော်ဂျီယာနိုင်ငံအကြောင်းအကျဉ်းချုံးနဲ့ ထိပ်တန်းဂျော်ဂျီယာဟင်းလျာ ၅မျိုးအကြောင်းကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။

photo source_ georgianjournal.com(1)

ဂျော်ဂျီယာနိုင်ငံဟာ ပင်လယ်နက်နဲ့ကပ်လျက်တည်ရှိပြီးတော့ ရုရှား၊ တူရဂီ၊ အာမီးနီးယား၊ အဇာဘိုင်ဂျန်နိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်နေပါတယ်။ ကော်ကေးရှပ်စ် တောင်တန်းတွေအပါအဝင် သဘာဝအလှအပတွေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့စရိုက်တွေ ပေါပေါသီသီရှိပေမယ့် ဂျော်ဂျီယာရဲ့ ခရီးသွားလုပ်ငန်းကတော့ ဖွံဖြိုးဆဲကာလမှာပဲရှိသေးတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေ သိပ်များများစားစားမရှိပါဘူး။  အများစုက Orthodox ခရစ်ယာန်ဘာသာကိုးကွယ်ကြပြီးတော့ ဒေသခံတွေရဲ့ ဖော်ရွေချက်က 9 လောက်ရှိတယ်လို့ ရောက်ဖူးသူတိုင်းက အသိအမှတ်ပြုကြပါတယ်။ ဂျော်ဂျီယာလို့ပြောလိုက်ရင် တောင်တန်းတွေရယ်၊ ရိုးရာအကရယ်၊​ ဝိုင်နဲ့အစားအသောက်တွေရယ်က အထင်ကရပဲလို့ဆိုရမှာပါ။

b63f7b602d8433582885f61da5c25c4f

ဂျော်ဂျီယာစားသောက်ဖွယ်တွေအကြောင်းဆိုရရင်တော့ မွန်ဂို၊ အော်တိုမန်(Ottoman) နဲ့ ပါရှန် (Persian) အင်ပါယာတွေရဲ့ လွှမ်းမိုးမှုနဲ့ ဂျော်ဂျီယာဟင်းလျာတွေက အရောင်အသွေးစုံလင်လှပါတယ်။ ကြက်သွန်ဖြူ၊ နံနံပင်လို အစိမ်းရောင် အမွေးအကြိုင်ရွက်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ သစ်ချသီးတို့ကတော့ ဂျော်ဂျီယာဟင်းလျာရဲ့ အဓိကအမယ်တွေပဲဖြစ်ပါတယ်။ ဂျော်ဂျီယာ ဘရန်ဒီဖြစ်တဲ့ ချာချာ (Chacha) နဲ့ ဂျော်ဂျီယာဝိုင်တို့ကလည်း နာမည်ကျော်ပါတယ်။ ဂျော်ဂျီယာမှာ လူပြောများတာတစ်ခုက စားသောက်ဆိုင်တွေက အရသာမကောင်းတတ်ဘူးဆိုတာပါပဲ။ ဒါကြောင့် အခါအခွင့်သင့်လို့ သွားလည်တဲ့အခါ စားသောက်ဆိုင်ကောင်းကောင်းကို သေချာလေ့လာမှတ်သားထားဖို့ အကြံပြုလိုပါတယ်။ ကဲ အဲတော့ ဂျော်ဂျီယာကို ရောက်ခဲ့ရင် မမြည်းလိုက်ရမရှိလေအောင် ဂျော်ဂျီယာရဲ့နာမည်ကြီးဟင်းလျာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Khinkali

photo source_ georgianjournal.com(6)

ဟင်းခတ်အမွှေးအကြိုင်ရနံ့သင်းသင်းနဲ့ အသားအစာသွပ်ထားတဲ့ Khinkali ဖက်ထုပ် (dumpling) ကတော့ ခရီးသွားတွေအကြိုက်ဆုံး “must-try dish in Georgia” ပါပဲ။ ဂျော်ဂျီယာရဲ့ လူကြိုက်များ အစားအသောက်ဆိုပေမယ့် ဖက်ထုပ်တွေရဲ့အစပြုရာကတော့ အားလုံးသိတဲ့အတိုင်း တရုတ်ပြည်ပါပဲ၊ မွန်ဂိုစစ်သားတွေ ကော်ကေးရှပ်စ်နဲ့ ဆိုင်ဘီးရီးယား (Siberia) တို့ကို သိမ်းပိုက်ခဲ့စဉ်က ဖက်ထုပ်လုပ်နည်းက ရုရှား၊ အရှေ့ဥရောပတစ်ခွင်နဲ့ ကော်ကေးရှပ်စ်ဒေသတွေမှာပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ ဖက်ထုပ်လုပ်နည်းက အခြေခံချင်းတူပေမယ့် နေရာဒေသနဲ့ နေထိုင်မှုပုံစံတွေပေါ်မူတည်ပြီး အသွင်ကွဲသွားပါတယ်။ရုရှားနဲ့ အရှေ့ဥရောပနိုင်ငံတွေမှာတော့ အမဲလိုက်ရင်း တစ်နေရာကတစ်နေရာသွားလာနေရလို့ ဖက်ထုပ်ထဲကအစာက သယ်ရလွယ်အောင် ခြောက်ခြောက်သွေ့သွေ့ပုံစံမျိုးလုပ်ကြပါတယ်။ ဂျော်ဂျီယာနိုင်ငံကတော့ သိုးကျောင်းတဲ့ဓလေ့ကြောင့် ဖက်ထုပ်မှာ သိုးသားကို အများဆုံးသုံးခဲ့ကြပြီး သိုးကျောင်းတွေက တစ်နေရာတည်းမှာ အနေကြာကြတဲ့အတွက် အထဲကအစာကို စိုစိုလေးလုပ်စားကြတာပဲဖြစ်ပါတယ်။  Khinkali ဖက်ထုပ်ကို ပြုတ်လိုက်တဲ့အခါ အစာသွပ်ထားတဲ့ အသားရဲ့အချိုရည်တွေက ဖက်ထုပ်ထဲမှာ စိမ့်ထွက်နေပါတယ်။ စားတဲ့အခါမှာတော့ အရည်တွေ အပြင်ကို လျှံမထွက်လာအောင် အောက်ခြေတစ်ဖက်ကို လက်နဲ့ကိုင်ပြီး ထိပ်ပိုင်းကနေ အရင်ကိုက်ပြီးစားရပါတယ်။ ပူပူနွေးနွေးနဲ့ အနံ့အရသာကောင်းတဲ့ Khinkali ကို ငရုတ်ကောင်းမှုန့်အနက်နဲ့တွဲစားရင် ပိုကောင်းပါတယ်။

၂။ Khachapuri

photo source_ georgianjournal.com(4)

Khachapuri ကတော့ နာမည်ကြီး ဂျော်ဂျီယာလမ်းဘေးစာတစ်မျိုးဖြစ်ပြီးတော့ နိုင်ငံရဲ့ National Dish လည်းဖြစ်ပါတယ်။  အဓိကကတော့ ဂျုံနဲ့ ချိစ်ပါပဲ။ ချိစ်အစား အသား၊ ပဲနဲ့ အာလူးတို့နဲ့လည်း လုပ်ကြပါတယ်။ Khachapuri က ဂျော်ဂျီယာသားတွေအတွက်တော့ အထင်ကရဖြစ်ပြီး Khachapuri လုပ်တဲ့အခါ ကုန်ကျစရိတ်အပြောင်းအလဲပေါ်တည်ပြီး နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကိုတွက်ချက်တယ်လို့ ဆိုပါတယ်။ လှေပုံစံပေါင်မုန့်သားရဲ့ အလည်ကအချိုင့်ထဲမှာ ချိစ်၊ ကြက်ဉနဲ့ ထောပတ်လေးတင်ထားတဲ့ Adjara Khachapouri ကတော့ အီစိမ့်ပြီး စားလို့ကောင်းမှကောင်း။ Businessinsider မီဒီယာကတော့ Adjara Khachapouri ကို ချိစ်နဲ့လုပ်တဲ့ ကမ္ဘာ့အကောင်းဆုံးစားဖွယ် ၁၉ခုစာရင်းထဲမှာထည့်ထားတယ်နော်။

၃။ Shkmeruli

photo source_ georgianjournal.com(2)

ကြက်သားရယ်၊ သစ်ချသီးရယ် နွားနို့ရယ်ကို  ကြက်သွန်ဖြူနိုင်နိုင်နဲ့ ချက်ထားတဲ့ Shkmeruli ကတော့ ဂျော်ဂျီယာ အိမ်ချက်စတိုင်ဟင်းလျာပဲဖြစ်ပါတယ်။ ဒီShkmeruli ဟင်းပူပူကို ထမင်းပူပူလေးနဲ့ပဲတွဲစားစား၊ ရေခဲသေတ္တာထဲထည့်ထားပြီး နောက်နေ့တွေမှာ ပြန်နွှေးစရာမလိုဘဲ ဟင်းအေးအေးကို ပေါင်မုန့်လေးနဲ့ပဲတွဲစားစား​ မြိန်စေမှာပါ။ ​ကြက်သွန်ဖြူတွေအများကြီးပါလို့ အပြင်မသွားခင်စားမယ်ဆိုရင်တော့ ပါးစပ်နံမှာတော့ နည်းနည်းစိတ်ပူရမယ်နော်။

၎။ ကြက်သား တာဘာကာ (Chicken Tabaka)

photo source_ georgianjournal.com(5)

တာဘာကာကြက်သားကြော်ကလည်း ကြက်သားကြိုက်သူတိုင်းလျှာလည်မယ့် ဂျော်ဂျီယာရိုးရာဟင်းပါ။ ဂျော်ဂျီယာဟင်းအများစုလိုပဲ ကြက်သွန်ဖြူနိုင်းချင်းနဲ့ ချက်ထားတဲ့ဟင်းပါ။ ကြက်သားတစ်ကောင်လုံးကို အလည်ကပိုင်းပြီး လိပ်ပြာပုံသဏ္ဍာန်အတိုင်းကို ဒယ်အိုးကြီးကြီးထဲထည့်ပြီး ကြော်တာပါ။ ကြော်တယ်လို့ဆိုပေမယ့် ပုံမှန်ကြက်ကြော်တွေလို ဆီနင့်အောင်ထည့်ပြီး ကြော်တာမျိုးမဟုတ်ဘဲနဲ့ ဆီမပါဘဲ ထောပတ်လေး လက်ဖက်ရည်ဇွန်း ၁ ဇွန်းပဲသုံးပြီး ကြက်ကထွက်တဲ့အဆီနဲ့ပဲ ကြွပ်အောင်ကြော်တာပါ။ ဒီဟင်းရဲ့အဓိကသော့ချက်ကတော့ ဒယ်အိုးထဲထည့်ထားတဲ့ ကြက်ကို အပေါ်ကနေ အလေးတစ်ခုခုနဲ့ဖိထားရတာပါ။ ဒါကြောင့် စားဖို့အဆင်သင့်ဖြစ်တဲ့အခါ ကြွပ်ရွပြီး ကြက်သားအရည်ရွှဲရွှဲလေးနဲ့ အရသာအရမ်းကောင်းပါတယ်။

၅။ Lobiani

photo source_ georgianjournal.com(3)

Lobiani ကတော့ ပဲအစာသွပ်ထားတဲ့ ဂျော်ဂျီယာရိုးရာပေါင်မုန့်တစ်မျိုးဖြစ်ပါတယ်။ နိုင်ငံရဲ့ ကုန်းမြင့်ဒေသတစ်ခုဖြစ်တဲ့ Racha ဒေသကနေ အစပြုလာတဲ့ စားစရာဖြစ်ပြီးတော့ ပဲတင်မကဘဲ ဝက်ပေါင်ခြောက်ပါထည့်ပြီးလုပ်လေ့ရှိပါတယ်။  Lobiani က ဂျော်ဂျီယာ ဘာသာရေးပွဲတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ အစားအစာလည်းဖြစ်ပါတယ်။  နိုင်ငံတွင်းမှာ ခရစ်ယာန်ဘာသာမထွန်းကားခင်က နေကို ဘုရားအဖြစ်ကိုးကွယ်ရင်းက  Lobiani ကို နေရဲ့သင်္ကေတအဖြစ် ပြုလုပ်ပူဇော်လေ့ရှိခဲ့ပါတယ်။ ခရစ်ယာန်ဘာသာထွန်းကားပြီးနောက်မှာတော့ နေဘုရား (Barbale) နဲ့ သံတူကြောင်းကွဲ Saint Barbara နေ့မှာ Lobiani လုပ်တဲ့အလေ့အထကို ဆက်လက် ကျင်းပလာခဲ့တာဖြစ်ပါတယ်။

အစားအသောက်တွေက နေရာဒေသတစ်ခုရဲ့ ယဉ်ကျေးမှုကို ထင်ဟပ်လေ့ရှိတာမို့ foodies တွေအတွက်တော့ ခရီးသွားရင်း ၁ ချက်ခုတ် ၂ ချက်ပြတ် အစားလေးစားရင်း အဲ့ဒေသအကြောင်းလေးလည်းသိရတာပေါ့။  ရှယ်တကာ့ရှယ်ဂျော်ဂျီယာဟင်းလျာတွေ အများကြီးရှိပေမယ့် စားဖူးသလောက်ထဲက ကောင်းတာလေးတွေပြန်ပြောပြပေးတာမို့ လိုအပ်တာလေးများရှိရင်လည်း သိသူများက ဖြည့်စွက်ပြောကြားပေးကြပါလို့။ ဂျော်ဂျီယာဟင်းလျာတွေက မြန်မာပါးစပ်နဲ့ကိုက်တဲ့အတွက် စိတ်ဝင်စားလို့ ချက်စားကြည့်ချင်တယ်ဆိုရင်လည်း Insightgiveaways ကို လက်တို့လိုက်ပါ။ ချက်နည်းလေးတွေ ရှဲပေးပါ့မယ်နော်။ အားလုံးစိတ်ရွှင်လန်းချမ်းမြေ့ကြပါစေ။

Words by Insightgiveaways

Save

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s