ပိုက်ဆံပေါများပိုလျှံမှ ခရီးသွားနိုင်မယ်ဆိုတဲ့ အတွေးက လူတော်တော်များများစိတ်ထဲမှာ ရှိနေတတ်ပါ တယ်။ဒါကလည်း ခရီးသွားတာနဲ့ အပန်းဖြေဇိမ်ခံခရီးထွက်တာနှစ်ခု (Traveling & Vacation) ကို ကွဲကွဲပြားပြားဂရုမပြုမိတဲ့အတွက် ခရီးသွားနိုင်ဖို့ ငွေက အဓိကကျတယ်လို့ တွေးမိတာပဲဖြစ်ပါလိမ့်မယ်။ အမှန်တကယ်တော့ ခရီးသွားခြင်းဆိုတာ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး၊ ကျားမမရွေးအတွက်ပါ။ အဓိကက ခရီးတကယ်သွားချင်တဲ့ဆန္ဒရှိဖို့နဲ့ အမှန်တကယ်အကောင် အထည်ဖော်ဖို့ပဲလိုတာပါ။ အဲတော့ ငွေပေါများချိန်ကို စောင့်စရာမလိုဘဲ ဘယ်လိုခရီးသွားကြ မလဲဆိုတာ အဖြေရှာကြရအောင်။

 ကြယ်ငါးလုံးဟိုတယ်မှာတည်းပြီး ဈေးကြီးတဲ့ အစားအသောက်၊ ၀န်ဆောင်မှုတွေပါတဲ့ ဇိမ်ခံခရီးမျိုးကတော့ လူတိုင်းတတ်နိုင်ချင်မှ တတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခရီးထွက်တာက စိတ်အပန်းဖြေဖို့တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ တခြားဒေသက မတူညီတာတွေကို လေ့လာဖို့နဲ့ ဒေသခံတွေနဲ့ တွေ့ဆုံမိတ်ဖွဲ့ပြီး အသိပညာဖလှယ်ဖို့ ပါ။ ငွေတစ်ပြားမှမရှိရင်တော့ ခရီးမသွားနိုင်ဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့် ကိုယ့် ချွေးနှဲစာလေးစုပြီး စရိတ် သက်သက်သာသာနဲ့ ခရီးသွားနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ အဲတော့ ဝေးလို့၊ မအားလို့၊ အပိုငွေမရှိလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ခရီးထွက်ဖို့နှောင့်နှေးနေမယ့်အစား ကျန်းမာရေးကောင်းတုန်း၊ ကိုယ့်စိတ်တိုင်းကျ သွားနိုင်လာနိုင်တုန်းမှာ နေ့စဉ်ရုန်းကန်နေရတဲ့ ဘဝက ခဏအနားယူပြီး ခရီးထွက်ခြင်းရဲ့အရသာကို အပြည့်အ၀ ခံစားသင့်ပါတယ်။

ခရီးအသုံးစရိတ်ဘယ်လိုစုမလဲ

၁။ နေ့စဉ်အသုံးစရိတ်ကို လျှော့ချပါ။

အလုပ်သွားရင် နေ့လည်စာဝယ်မစားဘဲ ထမင်းချိုင့်ဆွဲပါ။ ညနေစာကို သူငယ်ချင်းတွေနဲ့ အပြင်မှာထွက်စားတဲ့ နှုန်းကို   လျှော့ပါ။ ဒါဆို တစ်နေ့ကို ပျှမ်းမျှ ကျပ် ၃၀၀၀ အနည်းဆုံးစုမိလို့ တစ်လဆို ငွေ ကိုးသောင်းလောက်စုမိပါ ပြီ။

၂။ ပိုက်ဆံအကြွေရတိုင်း စုဗူးထဲထည့်ပါ။

traveling-is-for-everyone1

ငွေတစ်ရာနှစ်ရာနဲ့ ဘာမှဟုတ်တိပတ်တိမဝယ်နိုင်ပေမယ့် အဲ့အကြွေတွေစုဗူးထဲ ထည့်စုကြည့်ရင် အချိန်တန်တော့ ခရီးသွားဖို့ အထိုက်အလျောက် အထောက်အပံ့ဖြစ်တာကို   တွေ့ပါလိမ့်မယ်။

၃။ လိုအပ်တာနဲ့ လိုချင်တာကို ကွဲပြားသိပါ။

ကျွန်တော်တို့ ကျွန်မတို့တွေဟာ ပျမ်းမျှအားဖြင့် ဝင်ငွေရဲ့ ၂၀%ကနေ ၅၀%လောက်အထိကို မလိုအပ်တဲ့နေရာတွေမှာ သုံးနေကြပါတယ်။ ကိုယ်ဘာတွေမလိုအပ်ဘဲ ဝယ်နေ၊ သုံးနေမိလဲ ပြန်ဆန်းစစ်ပြီး အပိုသုံးမယ့်ငွေကို စုကြည့်ပါ။ ဥပမာ- မလိုအပ်ဘဲ ဒီဇိုင်းအသစ်ထွက်တိုင်း အဝတ်အစားဝယ်တာမျိုး၊ သုံးနေကြ အလှကုန် မကုန်သေးဘဲ အသစ်ဝယ်တာမျိုးတွေကို လျှော့ပါ။ ဒါမှမဟုတ် Iphone ဝယ်မယ့် ပိုက်ဆံကို တခြားဈေးပိုသက်သာတဲ့ ဖုန်းနဲ့အစားထိုးပြီး ပိုငွေကိုစုပါ။ လေးငါးလကြာတဲ့အခါ ခရီးသွားနိုင်ဖို့ သိသိသာသာငွေပမာဏကို စုမိလျက်သားဖြစ်နေပါပြီ။

၎။ အသုံးမလိုတဲ့ ပစ္စည်းတွေကို ရှင်းထုတ်ပါ။

အပေါ်မှာ ပြောထားသလိုပဲ မလိုအပ်ဘဲ ဝယ်ထားမိတာတွေက ကိုယ့်အိပ်ခန်းထဲ၊ အိမ်ရဲ့ ချောင်ကလောင်ထဲမှာ ရှိနေတတ်ပါတယ်။ အားလပ်ရက်အိမ်ရှင်းရင်းနဲ့ မလိုအပ်တာတွေရှာတွေ့ရင် အဟောင်းပစ္စည်းဝယ်ရောင်း Facebook Page တွေ၊  website တွေမှာ ရောင်းထုတ်ပါ။ ပြီးရင်တော့ ခရီးသွားဖို့ဖယ်ထားတဲ့ စုဗူးထဲကို ထည့်ဖို့မမေ့ပါနဲ့။

၅။ အပိုဝင်ငွေရနိင်မယ့်နည်းလမ်းတွေကို ကြံဆပါ။

ကိုယ့်အိမ်မှာ အခန်းပိုရှိရင် အဆောင်ငှားတာ၊ ဒါမှမဟုတ် ခရီးသွားဧည့်သည်တွေကို ရက်တိုငှားတာမျိုးတွေ (ဥပမာ- Airbnb လိုမျိုး) လုပ်ပြီး အပိုဝင်ငွေရှာနိုင်ပါတယ်။ ဧည့်သည်ကို ညအိပ်ညနေလက်ခံခွင့်အတွက် သက်ဆိုင်ရာရပ်ကွက်ရုံးကို အကြောင်းကြားရမှာနဲ့ အခွန်ဆောင်ဖို့လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကိုတော့ မမေ့ပါနဲ့။ နိင်ငံအတွင်းTourism ဖွံ့ဖြိုးမှုအရှိန်ရလာနေပြီဖြစ်တဲ့အတွက် နိုင်ငံခြားခရီးသွားတွေကို တည်းခိုခွင့်ငှားရမ်းရင်း ကိုယ်လည်း အပိုဝင်ငွေရပြီးခရီးထွက်နိုင်၊ နိုင်ငံတော်လည်း အခွန်ငွေရတာပေါ့။

ခရီးမသွားခင် ကြိုတင်လေ့လာပြင်ဆင်ပါ။

ခရီးသွားဖို့ ငွေစုရင်းနဲ့ တစ်ဖက်မှာ ခရီးအတွက် Plan ကြိုဆွဲပါ။ စရိတ်သက်သာချင်ရင် ခရီးသွားရာသီကို ရှောင်တာမျိုး၊ ခရီးသွားလက်မှတ်တွေ၊ တည်းခိုခန်းခ လျှော့ဈေးတွေကို အမြဲနားစွင့်ထားတာမျိုး၊ အပြင်မှာ အမြဲဝယ်စားဖို့ မတတ်နိုင်ရင် အစာပြေလမ်းမှာစားဖို့ ပြင်ဆင်တာမျိုး စသဖ်ြင့ ခရီးစရိတ်ကို အဘက်ဘက်က လျှော့ချလို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဥရောပအပါအဝင် အနောက်နိုင်ငံတွေအထိ ခြေဆန့်ချင်သူတွေအတွက်ဆိုလည်း ဥရောပကို အသက်သာဆုံးဈေးနဲ့ ဘယ်လိုခရီးသွားကြမလဲ ဆိုတာ ကြိုတင်လေ့လာပါ။

ခရီးထွက်ဖြစ်ဖို့အတွက် အိပ်မက်မက်ပါ။ ကိုယ့်ရဲ့ခရီးသွားချင်စိတ်က တကယ်ပြင်းပြလာတဲ့အခါ အပေါ်မှာ ပြောထားတဲ့ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။ အချိန်တိုအတွင်းမှာ ခရီးထွက်ဖို့ အကောင်အထည်ပေါ်လာပါလိမ့်မယ်။

Words by Khine (Insightgiveaways)

Leave a comment